တရုတ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကိုယ်ရေးအချက်အလက်ခိုးယူမှု သတင်းကြောင့် လူအများ ဒေါသထွက်

တရုတ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကိုယ်ရေးအချက်အလက်ခိုးယူမှု သတင်းကြောင့် လူအများ ဒေါသထွက်

ဇူလိုင် ၁၂

တရုတ်နိုင်ငံ၌ ယခုလတွင် ကျောင်းသား၊ ကျောင်းသူ သန်းနှင့်ချီတို့သည် အလွန်ခက်ခဲပင်ပန်းသော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုကို ဖြေဆိုကြရလျက်ရှိစဉ် identiy theft ဟု ခေါ်သည့် ကိုယ်ရေးအချက်အလက်ခိုးယူမှု မကောင်းသတင်းတစ်ခုက ယခင်ကာလများအတွင်း ယင်းစာမေးပွဲ ဖြေဆိုခဲ့ကြသူ ရာနှင့်ချီတို့၏ ဘဝအိပ်မက်များကို မည်သို့မည်ပုံ တိုက်စားထားခဲ့သည် ဆိုသည့် ဇာတ်လမ်းများက ဆိုရှယ်မီဒီယာပေါ်တွင် လူအများကို အမျက်ဒေါသထွက်စေခဲ့သည်။

တရုတ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ “gaokao” ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက် ခိုးယူမှုတွင် လူပေါင်း ၂၈၀ ကျော် ပါဝင်ပတ်သက်ထားခဲ့သည်ကို နှစ်နှစ်ကြာ လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ စစ်ဆေးတွေ့ရှိထားကြောင်း နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ်မှ တာဝန်ရှိသူများက ပြောသည်။

ယင်းကြေညာချက် ထွက်ပြီးနောက် နိုင်ငံတွင် ပြည်သူအများ အမျက်ဒေါသထွက်ခဲ့ကြသလို တရုတ်ဥပဒေပြုအမတ်များကလည်း ယင်းကဏ္ဍတွင် ခြစားမှုအပေါ် နှိမ်နင်းသွားမည်ဟု ကြုံးဝါးခဲ့ကြသည်။

Gaokao သည် ပုံမှန်အားဖြင့် ယင်းနိုင်ငံ၌ ကျောင်းသားတစ်ဦး၏ ဘဝအတွက် စိတ်ဖိစီးမှု အများဆုံး စာမေးပွဲတစ်ခုပင် ဖြစ်သည်။ ယင်းစာမေးပွဲတွင် အမှတ်မြင့်မြင့်ရရှိခြင်းက ကျေးလက်ဧရိယာများနေ ဆင်းရဲသော ကျောင်းသားများ၏ အနာဂတ် အလားအလာများကို သိသိသာသာ တိုးတက်ပြောင်းလဲစေနိုင်သည်။

တရုတ်၏ ထိပ်တန်း တက္ကသိုလ်များကလည်း ဝင်ခွင့်အတွက် gaokao ရမှတ် မြင့်မားမှုအပေါ် ကြီးကြီးမားမား အားကိုးအားထား ပြုထားပြီး ကျောင်းသားများကို ဖိအားများ တိုးစေလျက် ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်လကြာ နောက်ဆုတ်ကျင်းပခဲ့ရသည့် ယခုနှစ် စာမေးပွဲအတွက် ဖြေဆိုသူ ၁၁ သန်းနီးပါး ရှိသည်။

ထိပ်တန်းတက္ကသိုလ်များ၌ တက်ရောက်သင်ကြားခွင့်ရမည့် နေရာ အတော်အတန် နည်းပါးသဖြင့် ဝင်ခွင့်ရရေးအတွက် ယှဉ်ပြိုင်မှုက ပြင်းထန်သလို လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသည့် နိုင်ငံတွင် လိမ်လည်မှုက မကြာခဏ ပေါ်ပေါက်နေသည့် ပြဿနာတစ်ခု ဖြစ်နေသော်ငြား Shandong ပြည်နယ်မှ ထွက်လာသည့် မကောင်းသတင်း၏ အတိုင်းအတာကြီးလေးမှုက လူအများကို ရှော့ခ်ရစေခဲ့သည်။

လိမ်လည်မှု ဖြစ်စဉ်အများစုသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်အချိန်တွင် ID ကိုယ်ရေးအချက်အလက် အတည်ပြုမှု နည်းလမ်းပိုင်း ညံ့ဖျင်းအားနည်းခဲ့ခြင်းက လိမ်လည်မှုများကို စောင့်ကြည့်သိရှိနိုင် ခြင်း မရှိခဲ့သည့် အကြောင်းရင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြစ်တင်ခဲ့သည်။

လက်ရှိအချိန်အထိ လူပေါင်း ၄၆ ဦးကို အပြစ်ပေးထားပြီး ဖြစ်ကြောင်း Shandong အစိုးရက ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ မထုတ်ပြန်ပေ။

တကယ် လက်တွေ့ခံခဲ့ရသူတစ်ဦးဖြစ်သည့် Guo Jing က လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်တွင် သူမ၏ ကိုယ်ရေးအချက်အလက်ကို သူမ၏ ဆရာဟောင်း၏ သမီးဖြစ်သူက ခိုးယူခဲ့ကြောင်းကို ဆိုရှယ်မီဒီယာ Weibo ပေါ်တွင် ရင်ဖွင့်ရေးသားသွားခဲ့သည်။

ပုံမှန်အားဖြင့် စာတော်သူတစ်ဦးဖြစ်သည့် Guo သည် စာမေးပွဲတွင် ရသည့် ရမှတ်က နည်းနေခဲ့သည်ဟု ပြောသည်။ ရလဒ်အနေဖြင့် သူမသည် ရွှေ့ပြောင်းလုပ်သားဘဝသို့ ရောက်သွားခဲ့ရရှာသည်။ အခြား ကျောင်းသူတစ်ဦး ကမူ ပေကျင်းသို့ ကောလိပ်သွားတက်နိုင်ခဲ့ပြီး ဆရာမတစ်ဦးဖြစ်လာခဲ့သည်။

သူမ၏ ကိုယ်ရေးအချက်အလက် မည်သို့ ခိုးယူခံလိုက်ရသလဲ ဆိုသည်ကို သေချာမသိရှိကြောင်း Guo က ပြောသည်။ သို့သော် သူမ၏ တကယ့် ရမှတ်အမှန်ကို အခြား ကျောင်းသူတစ်ဦးကို ပေးလိုက်ခြင်း ဖြစ်သည်ဟု Guo က သံသယရှိသည်။ ဒါမှမဟုတ်လည်း အယောင်ဆောင်တစ်ဦးက စာမေးပွဲခန်းထဲသို့ ဝင်ရန် သူမနာမည်ဖြင့် ID ကဒ်အတု အသုံးပြုခဲ့သည်ဟု Guo က သံသယရှိနေသည်။

အယောင်ဆောင် ဖြစ်သူကို သူမ၏ ပညာရေး အရည်အချင်းလက်မှတ်များကို ဖြုတ်ချခဲ့ပြီး အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း အစိုးရက ပြောသည်။

“အဲဒီအချိန်တုန်းက ဒီလူတွေ စာမေးပွဲ ရလဒ်တွေကို ခုလို ကလိမ်ကကျစ် ကျရဲလိမ့်မယ်လို့ ကျွန်မ လုံ့၀ မစဉ်းစားခဲ့မိပါဘူး၊ ဒီလို ဖြစ်နိုင်တယ်လို့ တွေးတောင် မတွေးခဲ့မိပါဘူး” ဟု Guo က ပြောသည်။

ယင်းနောက် ၂၀၀၃ ခုနှစ်တွင် ဆရာဟောင်းဖြစ်သူက သူမထံ လက်ရေးဖြင့် တောင်းပန်စာ ရေးပို့ခဲ့သည်ဟု Guo က ပြောသည်။

 “အယောင်ဆောင်တာက တကယ့် ရွံမုန်းဖို့ ကေင်းပါတယ်၊ ဒီလို လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်ထားခဲ့တဲ့ မမှန်မကန်လုပ်တာ၊ လာဘ်ပေးလာဘ်ယူတာ စတဲ့ ပြစ်မှုတွေကို သေချာကောင်းကောင်း ဖော်ထုတ်စစ်ဆေးသင့်ပါ တယ်၊ ဒီ လိမ်လည်မှု တစ်ခုလုံးမှာ ရှိနေတဲ့ လင့်တွေကို မရှင်းထုတ်နိုင်ဘူးဆိုရင် အခြားသူတွေလည်း လိမ်လည်ခံရမယ့် သားကောင်းတွေ ဖြစ်လာပါလိမ့်မယ်” ဟု သူမက ပြောသွားခဲ့သည်။

Guo လိုပင် Chen အမည်ရ အခြားသော ကျောင်းသူတစ်ဦးသည်လည်း ယင်းကဲ့သို့ပင် ကိုယ်ရေးအချက်အလက် ခိုးယူခံရပြီး လိမ်လည်ခံခဲ့ရသည်။ ကျေးလက်မိသားစုတစ်စုမှ ဖြစ်သော Chen သည် ၂၀၀၄ ခုနှစ် စာမေးပွဲတွင် ရမှတ်နည်းနည်းသာ ရခဲ့သည်။ ဒေသအာဏာပိုင်များနှင့် မိသားစုချင်း ရင်းနှီးမှုရှိသော အတန်းဖော်တစ်ဦးက Chen ၏ ကိုယ်ရေးအချက်အလက်ကို ခိုးယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် Shandong စစ်ဆေးမှု၏ ရလဒ်များအရ သိရသည်။

ယင်းနောက် Chen သည်လည်း ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သွားခဲ့သည်။ အခြားကျောင်းသူကမူ Shandong  နည်းပညာတက္ကသိုလ်တွင် တက်ရောက်ခွင့်ရခဲ့ပြီး ဒေသအစိုးရ စာရင်းစစ်တစ်ဦးအဖြစ် အလုပ်ရခဲ့သည်။

ယင်းနောက် အယောင်ဆောင်ဖြစ်သူ အမျိုးသမီးကို သူမ၏ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ယခုအခါ တရုတ်ဥပဒေပြုအမတ်များသည် gaokoa စာမေးပွဲ ကိုယ်ရေးအချက်အလက်ခိုးယူမှုကို ပြစ်မှုအဖြစ်ပြဋ္ဌာန်းရန် ဆွေးနွေးနေကြပြီဖြစ်သည်။

ထို့ပြင် ရှေ့ကာလတွင် gaokao စာမေးပွဲလိမ်လည်မှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု တရုတ်ပညာရေးဝန်ကြီးဌာနကလည်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ကတိပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly