ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တရုတ်အရာရှိများကို အမေရိကန် ဒဏ်ခတ်အရေးယူ

ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တရုတ်အရာရှိများကို အမေရိကန် ဒဏ်ခတ်အရေးယူ

ဇူလိုင် ၁၀

တရုတ်နိုင်ငံရှိ ဝီဂါမွတ်ဆလင်များနှင့် အခြား လူနည်းစုများအပေါ် ကျူးလွန်သည့် ဆိုးရွားလှသည့် နှိပ်စက်ညှင်းပန်းမှုများ ရပ်တန့်သွားရေးအတွက် အဓိကကျသည့် ပထမဆုံးသော လုပ်ဆောင်ချက်တစ်ရပ်ကို အမေရိကန်အစိုးရက ဇူလိုင် ၉ ရက်တွင် လုပ်ဆောင်ခဲ့သည်။

ဝီဂါမွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသည့် တရုတ် အဆင့်မြင့်အရာရှိကြီးအချို့ကို အမေရိကန်က အရေးယူဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်။

ရှင်ကျန်းဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ချန် ကွမ်ကော် အပါအဝင် တရုတ်အရာရှိကြီး သုံးဦးသည် ယခုအခါ အမေရိကန်ဗီဇာများ ငြင်းပယ်ခံရမည်ဖြစ်သလို အမေရိကန်အခြေစိုက် ၎င်းတို့၏ ပိုင်ဆိုင်မှုများလည်း ထိန်းချုပ်ခံရမည် ဖြစ်ကြောင်း သိရသည်။

အရေးယူခံရသည့် တရုတ်အရာရှိကြီးတစ်ဦးဖြစ်သည့် ချန် ကွမ်ကော်သည် လှုပ်လှုပ်ရွရွဖြစ်နေသော လူနည်းစုများအပေါ် ပေကျင်းအစိုးရ၏ တရားသေ မူဝါဒများ ချမှတ်ရာတွင် အဓိက စီမံခဲ့သူ ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ယခု အမေရိကန်၏ ဆန်ရှင်ချမှတ်ခံရသည့် အခြားသော တရုတ်အရာရှိကြီးနှစ်ဦးမှာ ရှင်ကျန်းဒေသ အများပြည်သူ လုံခြုံရေးဗျူရို ညွန်ကြားရေးမှူး ဝမ် မင်စန်း နှင့် ဒေသ၏ ကွန်မြူနစ်ပါတီ အဆင့်မြင့်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ကျူဟေလွန်တို့ ဖြစ်ကြသည်။

တရုတ်အနောက်ပိုင်း ဒေသတွင် အဓမ္မ ခိုင်းစေမှု၊ အစုလိုက်အပြုံလိုက် ထိန်းသိမ်းမှု၊ ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ လူဦးရေတိုးပွားမှု ထိန်းချုပ်မှု တို့အပါအဝင် ဆိုးရွားပြီး စနစ်ကျသည့် နှိပ်စက်ညှင်းပန်းမှုများကို တိုက်ဖျက်ရန် အမေရိကန်ဘက်က လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြောသွားခဲ့သည်။

“ရှင်ကျန်းဒေသမှာ တရုတ်ကွန်မြူနစ်ပါတီက ဝီဂါတွေအပါအဝင် အခြားလူနည်းစုတွေအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တာမျိုးကို အမေရိကန်ဘက်က လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး” ဟု မိုက် ပွန်ပဲယိုးက ပြောသွားခဲ့သည်။

အလားတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရှင်ကျန်းဒေသရှိ ဝီဂါများနှင့် အခြားလူနည်းစုများအပေါ် စောင့်ကြည့်ထောက်လှမ်းမှုများ လုပ်နေသည့် ဒေသ လုံခြုံရေးဗျူရိုကိုလည်း ဆန်ရှင်ချမှတ်ခဲ့သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly