ဇွန် ၂၆
ထိုင်းနိုင်ငံထဲ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်ရန် ကြိုးစားခဲ့သူ မြန်မာနိုင်ငံသားအယောက် ၂၀ ကို ဇွန်လ ၂၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။
ရှမ်းပြည်နယ်၊တာချီလိတ်မြို့တစ်ဖက်ကမ်း မယ်ဆိုင်မြို့အတွင်း လုံးခြုံရေးတာဝန်ကျသည့် စစ်သားများက ကားတစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ တရားမဝင်အလုပ်သမားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘာသာဖြင့်ရေးထားသည့် ချင်းမိုင်နယူးအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
( ဓာတ်ပုံ -- ချင်းမိုင်နယူးသတင်းဌာန )
သတင်းဖော်ပြချက်အရ ကားပေါ်မှဖမ်းဆီးခံရသူ၁၅ဦးနှင့် နယ်စပ်တစ်နေရာတွင် ငါးဦးစုစုပေါင်းလူဦးရေ ၂၀ တို့ကို ဖမ်းဆီးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
( ဓာတ်ပုံ -- ချင်းမိုင်နယူးသတင်းဌာန )
အဖမ်းခံရသူများထဲတွင် အသက် ၁၀နှစ်နှင့် ၆နှစ်အရွယ် နှစ်ဦးပါဝင်ပြီး ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
( ဓာတ်ပုံ -- ချင်းမိုင်နယူးသတင်းဌာန )
ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသားအားလုံးကို မယ်ဆိုင်မြို့ရှိကော်ချမ်း နှင့်မယ်ဆိုင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းကဆိုသည်။
( ဓာတ်ပုံ -- ချင်းမိုင်နယူးသတင်းဌာန )
ထိုင်း-မြန်မာ မယ်ဆိုင်မြို့နယ်စပ်တစ်လျှောက် ဝင်ပေါက်များအားလုံးကိုလည်း ထိုင်းအာဏာပိုင်များ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။