ဇွန်လအတွင်း သိန်းတစ်ထောင်ပတ်ဝန်းကျင်ကွန်ဒိုတွေ အရောင်းအဝယ်ပြန်ဖြစ်နေ

ဇွန်လအတွင်း သိန်းတစ်ထောင်ပတ်ဝန်းကျင်ကွန်ဒိုတွေ အရောင်းအဝယ်ပြန်ဖြစ်နေ

ရန်ကုန်၊ ဇွန် ၁၉

COVID-19 ကြောင့် ဧပြီလဆန်းပိုင်းမှစတင်ကာ အေးစက်သွားခဲ့သည့်အိမ်ခြံမြေဈေးကွက်သည် ဇွန်လဆန်းပိုင်းတွင်ပြန်လည်ဦးမော့လာပြီး ကျပ်သိန်းတစ်ထောင် ပတ်ဝန်းကျင်ကွန်ဒိုတွေ အရောင်းအဝယ်ပြန်ဖြစ်နေပြီဟု iMyanmarHouse.com မှမန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူကပြောသည်။

ဗဟိုဘဏ်မှ အိမ်ယာချေးငွေအတိုးနှုန်းကို သုံးရာခိုင်နှုန်းလျော့ချပေးသကဲ့သို့ အချို့သော အခွန်၊ အခများကိုလည်း လျော့ချပေးထား ခြင်းကြောင့် အရောင်းအဝယ်ပြန်လိုက်လာခြင်းဟုသိရသည်။

လူစည်ကားရာနေရာများဖြစ်သည့် ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကြည်ြ့မင်တိုင် မြို့နယ် ဘက်မှမီနီကွန်ဒိုများတွင် လူနေထိုင်ရန်အတွက် အများဆုံးဝယ်ယူကြခြင်းဟုလည်း ၎င်းကဆိုသည်။

“ အဲ့တော့ ဈေးကွက်ထဲမှာအရောင်းအဝယ်အဖြစ်အများဆုံးက ၁၀၀၀ ပတ်ဝန်းကျင် မီနီကွန်ဒိုတွေနဲ့ ၁၀၀၀/ ၁၅၀၀ ကြားကွန်ဒိုတွေက အရောင်းအဝယ်အဖြစ်အများဆုံးဖြစ်နေတာကိုတွေ့ရတယ်ဗျ။ လူလတ်တန်းစားတွေဝယ်နိုင်ခြေရှိတဲ့ အတန်းစားက အရောင်း/ အဝယ်ဖြစ်တာကိုတွေ့ရတယ် ” ဟုဦးနေမင်းသူကပြောသည်။

တန်ဖိုးနည်းအိမ်ယာ/ တိုက်ခန်း များဖြစ်သည့် ကျပ်သိန်း ၁၀၀နှင့် ၂၀၀ကြား တိုက်ခန်းများမှာ လူကြိုက်များသော်လည်း အစိုးရနှင့် လုပ်ငန်းရှင်များမှ လိုသလောက်မဆောက်လုပ်ပေးနိုင်ခြင်းနှင့် ဝယ်ယူသူအများစုမှာလည်း ကနဦးပေးသွင်းငွေအတွက်သော်လည်းကောင်း ငွေလုံးငွေရင်းဖြင့်ဝယ်ယူရန်စုဆောင်းငွေမပြည့်ခြင်းကြောင့် အရောင်းပါးနေရခြင်းဖြစ်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

လက်ရှိအရောင်း/ အဝယ်ပြန်ဖြစ်နေသောတိုက်ခန်းများမှာ ယခင်ကိုဗစ်ကာလမတိုင်ကဈေးနှင့် ကွာဟမှုမရှိဟု ဦးနေမင်းသူကဆိုသည်။

ထို့ကြောင့် နိုင်ငံ၏စီးပွားရေးကောင်းမွန်လာသည့်အပေါ်မူတည်၍ အိမ်ခြံမြေဈေးကွက်သည် အနည်းဆုံး ၃လမှ ၆ လအတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်မှန်းထားကြောင်းလည်း ၎င်းကသုံးသပ်သည်။

ကျပ်သိန်း ၁၀၀၀ တန်ဝန်းကျင်တွေအရောင်းအဝယ်ဖြစ်နေသော်လည်း ငွေကျပ် သိန်း ၁၅၀၀ ကျော်တန်နှင့်အထက်ကွန်ဒိုနှင့်တိုက်ခန်းများရောင်းထွက်ရန်မှာ လတ်တလောအခြေအနေအရ ခက်ခဲနေသေးကြောင်းလည်း ShweProperty.com ၏ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဦးကောင်းသူဝင်းကဆိုသည်။

“ကျွန်တော်တို့က ရုန်းကန်ရတယ်လို့ပြောလို့ရပါတယ်။ တစ်ခုက ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးတွေထပ်ကျနိုင်မလားဆိုတဲ့အတွေးနဲ့ စောင့်တဲ့သူလည်းရှိတယ်ပေါ့နော်”  ဟု၎င်းကပြောသည်။

အလားတူ ShweProperty.com မှလည်း အိမ်ခြံမြေဈေးကွက်ပြန်လည်ကောင်းမွန်လာရေးအွန်လိုင်းအိမ်ရာအရောင်းပြပွဲကို ဇွန်လ ၂၆၊ ၂၇၊ ၂၈ ရက်တွေမှာ ကျင်းပရန်ရှိနေသည်။

ရန်ကုန်မြို့ရှိ အိမ်အငှားဈေးကွက်မှာလည်း ကိုဗစ်ကာလမတိုင်ခင်ကအခြေအနေကိုပြန်မရောက်သေးသော်လည်း တဖြည်းဖြည်းပြန်ပြီး အငှားတက်လာသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly