ရွေးကောက်ပွဲအနိုင်ရရေး တရုတ်ထံမှ အကူအညီ ဒေါ်နယ်ထရမ့် တောင်းခံခဲ့ဟု ဂျွန်ဘိုလ်တန် ပြော

ရွေးကောက်ပွဲအနိုင်ရရေး တရုတ်ထံမှ အကူအညီ ဒေါ်နယ်ထရမ့် တောင်းခံခဲ့ဟု ဂျွန်ဘိုလ်တန် ပြော

ဇွန် ၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း ထပ်မံအနိုင်ရရေးအလို့ငှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အကူအညီကို ပွင့်ပွင့်လင်းလင်း တောင်းခံခဲ့ခြင်း အပါအဝင် မကောင်းသည့် လုပ်ရပ်များ လုပ်ဆောင်ထားခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဂျွန်ဘိုလ်တန်က စွပ်စွဲလိုက်သည်။

ဒေါ်နယ်ထရမ့်သည် ၎င်းနှစ်သက်သည့် အာဏာရှင်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာသာပေးရန် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ရပ်တန့်စေလိုသည့် သဘောဆန္ဒ ရှိသည်ကို ထုတ်ဖော်ထားခဲ့ကြောင်း ဘိုလ်တန်က ပြောကြားခဲ့သည်ဟု New York Times တွင် ဖော်ပြသည့် ဘိုလ်တန်၏ စာအုပ်သစ်ပါ ကောက်နုတ်ချက်တချို့အရ သိရသည်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သဘောထားတင်းမာသူတစ်ဦးဖြစ်ခဲ့သည့် ဂျွန်ဘိုလ်တန်သည် ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအဖြစ် တာဝန်ထမ်းခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် နှစ်ဦးအကြား မူဝါဒရေးရာ သဘောထားကွဲလွဲမှုများဖြစ်ပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ယခုအခါ ၎င်း ရေးသားထားသော “The Room Where It Happened: A White House Memoir” စာအုပ်ကို မကြာမီ ထုတ်ဝေသွားရန် ရှိနေပြီး ယခုအခါ အမေရိကန်မီဒီယာများတွင် ယင်းစာအုပ်ပါ ကောက်နုတ်ချက်များကို ယမန်နေ့က ကြိုတင်ဖော်ပြလာခြင်း ဖြစ်သည်။

“မနှစ်က တရုတ်သမ္မတ ရှီနဲ့ တွေ့ဆုံချိန်တုန်းက ထရမ့်ဟာ လာမယ့် အမေရိကန် ရွေးကောက်ပွဲ အကြောင်းကို ထည့်ပြောခဲ့ပါတယ်၊ နောက်ပြီး တရုတ်ရဲ့ စီးပွားရေး ဆိုင်ရာ လုပ်နိုင်စွမ်းတွေကိုလည်း သွယ်ဝိုက် ပြောဆိုခဲ့ပါတယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ သူသေချာပေါက် နိုင်အောင် အကူအညီရဖို့ ရှီကို တောင်းဆိုခဲ့ပါတယ်” ဟု ဂျွန် ဘိုလ်တန်က ၎င်း၏ စာအုပ်ထဲတွင် ရေးသားထားခဲ့သည်ဟု သိရသည်။

ဝီဂါ မွတ်ဆလင် လူနည်းစုနှင့် အခြား မွတ်ဆလင် အစုအဖွဲ့များကို တရုတ်တို့ ထိန်းသိမ်းခြင်းအပေါ် ထရမ့် အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့သော်ငြား ၂၀၁၉ ခုနှစ် ဇွန်လ ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ယင်းကိစ္စနှင့်ပတ်သက်၍ ထရမ့်က ရှီကို မီးစိမ်းပြခဲ့ကြောင်း ဘိုလ်တန်က ပြောသည်။

“ကျွန်တော်တို့ရဲ့ စကားပြန်ရဲ့ အဆိုအရ ကမ့်စခန်းတွေ တည်ဆောက်တာကို ဆက်လုပ်သင့်တယ်လို့ ထရမ့်က ရှီကို ပြောခဲ့တယ်လို့ ဆိုပါတယ်၊ ဒါကို လုပ်သင့်တဲ့ အလုပ်တစ်ခုလို့ ထရမ့်က ထင်ခဲ့တယ်လေ” ဟု ဘိုလ်တန်က ရေးသားထားခဲ့သည်။  

အလားတူ သမ္မတ ထရမ့်ကလည်း ဘိုလ်တန်သည် “လူလိမ် လူညာ” တစ်ဦးဖြစ်သည်ဟု Wall Street ဂျာနယ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားခဲ့သည်။

အမေရိကန်အစိုးရသည် အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကိုးကားပြီး ဘိုလ်တန်၏ စာအုပ် ထုတ်ဝေမှုကို တားဆီးနိုင်ရန် ကြိုးပမ်းခဲ့ကာ သောကြာနေ့တွင်လည်း တရားရုံး ကြားနာမှုတစ်ခု လုပ်ဆောင်ရန် ကြိုးပမ်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly