ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထူးအမိန့်ညွှန်ကြားချက်အား သမ္မတ ထရမ့် လက်မှတ်ထိုးမည်

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အထူးအမိန့်ညွှန်ကြားချက်အား သမ္မတ ထရမ့် လက်မှတ်ထိုးမည်

ဇွန် ၁၆

ရဲများအား အရည်အချင်း မြှင့်တင်ခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းနှင့် စိတ်ကျန်းမာရေး အားကောင်းစေခြင်းတို့ ပြုစုပျိုးထောင်ကာ လူမည်းများနှင့် အခြားသူများအား ပြုမူဆက်ဆံရာတွင် တိုးတက်ကောင်းမွန်စေမည့် အထူးအမိန့်ညွှန်ကြားချက်တစ်ရပ်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

မင်နီယာပိုလစ်မြို့၌ ရဲဖမ်းဆီးစဉ်အတွင်း လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးမှုကြောင့် နိုင်ငံတစ်ဝန်း ဖြစ်ပွားပေါ်ပေါက်သည့် ဆန္ဒပြပွဲများကို တုံ့ပြန်ရာတွင် သမ္မတထရမ့်က တင်းကျပ်သည့် ဥပဒေနှင့် အမိန့်ကို လက်ကိုင်ပြုထားခဲ့ပြီးနောက်မှ ယခု အထူးအမိန့်ကို လက်မှတ်ထိုးရန် ရှိလာခြင်း ဖြစ်သည်။

ထရမ့်၏ တုံ့ပြန်ပုံများနှင့် ပတ်သက်ပြီး ဒီမိုကရက်များ၏ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကာ ဆန္ဒပြပွဲများနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ၎င်း၏ ကိုင်တွယ်ပုံကြောင့် နိုဝင်ဘာရွေးကောက်ပွဲ၌ ၎င်းနှင့် ရီပတ်ဘရီကန်ခေါင်းဆောင်များ ပြန်လည်အရွေးခံရမည့် အခွင့်အရေး ထိခိုက်လာနိုင်သည်ဟု အချို့သော မိတ်ဖက်များက စိုးရိမ်မှုများ ရှိနေသည်။

ယခု အမိန့်ညွှန်ကြားချက်သည် ရဲတို့၏ ပြုမှုဆောင်ရွက်ချက်များ တိုးတက်ကောင်းမွန်ရန် လိုအပ်သည့် ခွင့်ပြုချက်များကို ဗဟိုက ချထားပေးခြင်းဖြင့် ရဲဌာနအား တိုးတက်အောင် လုပ်ဆောင်သွားရန် ရည်ရွယ်ကြောင်း အကြီးတန်း အစိုးရတာဝန်ရှိသူများက ပြောသည်။

ယင်း အမိန့်အရ ရဲဌာနသည် အင်အားသုံးခြင်းကို နောက်ဆုံးအဆင့်အနေဖြင့်သာ အသုံးပြုခွင့်အား တွန်းအားပေးဖော်ဆောင်သွားမည် ဖြစ်သည်။ သတင်းအချက်အလက် ဖြန့်ဝေခြင်းများ တိုးတက်အောင်လည်း လုပ်ဆောင် မည်ဖြစ်ရာ နောက်ခံရာဇဝင် သိရှိရခြင်း  နည်းပါးသည့် မှတ်တမ်းမကောင်းသူများအား ခန့်အပ်ခြင်း ပြုမည် မဟုတ်သကဲ့သို့ မူးယစ်ဆေးဝါးမှုနှင့် အိမ်ရာမဲ့များ အပါအဝင်ဖြစ်သော အကြမ်းမဖက်သည့် အမှုများကို တုံ့ပြန်ရာ၌ အရပ်ဖက်ဝန်ထမ်းများအား အားဖြည့်ပါရှိစေမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

“ပြီးခဲ့တဲ့ လက ကျွန်တော်တို့ မျက်စိရှေ့တင် မြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို ကျွန်တော်တို့ ပြောဆိုဆွေးနွေးသွားမှာ ဖြစ်တယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဖြေရှင်းနည်း အချို့ကို ရရှိလာပါလိမ့်မယ်။”ဟု ထရမ့်က သတင်းထောက်များအား တနင်္လာနေ့၌ ပြောခဲ့သည်။

ကွန်ဂရက်လွှတ်တော်မှ အမတ်များကလည်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုချက်များကို တုံ့ပြန်ပေးနိုင်ရေး ဥပဒေပြုနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly