ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်မှုနှင့်အတူ လော့ဒေါင်းအသစ်များပြန်လည်ချမှတ်လာ

ကိုဗစ်-၁၉ ဒုတိယလှိုင်း စိုးရိမ်မှုနှင့်အတူ လော့ဒေါင်းအသစ်များပြန်လည်ချမှတ်လာ

ဇွန် ၁၃

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ရိုက်ခတ်မည်စိုးသဖြင့် ဘေဂျင်းမြို့ရှိ အစားအသောက်ဈေးရုံကြီး ခြောက်ရုံကို သောကြာနေ့က ပိတ်ပစ်ခဲ့သည်။ ယခုသီတင်းပတ်၌ လုပ်ငန်းများပြည်လည်ဖွင့်လှစ်ခဲ့သော အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါ တစ်နေ့တာကူးစက်မှု မြင့်တက်လာခဲ့သလို အမေရိကန်ပြည်ထောင်စု ပြည်နယ်အချို့ရှိဆေးရုံကုတင်များတွင်လည်း လူနာများပြည့်နှက်လျက်ရှိသည်။

လော့ဒေါင်းကြောင့်စီးပွားရေးထိခိုက်သောအချို့နိုင်ငံများသည် ကန့်သတ်ချက်များကို အလျင်အမြန်ဖြေလျှော့ခဲ့မှုနှင့် မကြာသေးမီကဖြစ်ပွားခဲ့သော နိုင်ငံအဝှမ်းလူမျိုးရေးခွဲခြားမှုဆန့်ကျင်သောဆန္ဒပြပွဲများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မည်ကို ကျန်းမာရေးတာဝန်ရှိသူများက စိုးရိမ်နေကြသည်။

ကျောင်းနှင့်လုပ်ငန်းများဖွင့်လှစ်စဉ်တွင်လည်း ရောဂါစစ်ဆေးမှုများကို ဦးစွာလုပ်ဆောင်ကြရန် အဖွဲ့ဝင် ၂၇ နိုင်ငံအား ဥရောပသမဂ္ဂကျန်းမာရေးကော်မရှင်နာ Stella Kyriakides က တိုက်တွန်းထားပြီး လိုအပ်ပါက ဖြေလျှော့မှုများကို ပြန်လည်ရုပ်သိမ်းရန် အသင့်အနေအထားဖြစ်နေရမည်ဟု ဆိုသည်။

မြို့တော်ဘေကျင်းတွင်လည်း ကူးစက်မှုအသစ် နှစ်ခုထပ်မံတွေ့ရှိခဲ့ပြီး ထိုလူနာများသွားခဲ့သော အစားအသောက်လက်ကားဈေးရုံကြီး ခြောက်ခုအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်သိမ်းရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

ကိုဗစ်ကြောင့် သေဆုံးသူ ၈၄၉၈ ဦးရှိသည့် အိန္ဒိယတွင် ရက်ပေါင်း ၇၀ နီးပါးလော့ဒေါင်းချမှတ်ခဲ့ပြီးနောက် သယ်ယူပို့ဆောင်ရေး၊ ရုံးများနှင့် ဈေးဝယ်စင်တာများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကျန်မာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သောကြာနေ့က အိန္ဒိယတွင် တစ်နေ့တာကူးစက်သူ ၁၀ ၉၅၆ ရှိကာ စံချိန်တင်ကူးစက်မှုဖြစ်ခဲ့ပြီး အများစုမှာ ဒေလီ၊မွမ်ဘိုင်းနှင့် ချန်နိုင်းမြို့တို့မှဖြစ်သည်။

အိန္ဒိယရှိ ဗလီများအနက် အကြီးဆုံးတစ်ခုဖြစ်သည့် Jama Masjid ဗလီ၏ အကြီးအကဲ Syed AhmedBukhari က စုဝေးဝတ်ပြုခြင်းကို လကုန်ထိ ရပ်နားကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

တူရကီတွင်လည်း ဇွန်လ ၁ ရက်မှစ၍ ကန့်သတ်မှုများကို ဖြေလျှော့လိုက်ခြင်းသည် စောလွန်းကြောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းရိုက်ခတ်နိုင်ကြောင်းနှင့် ရောဂါပထမလှိုင်းကိုပင် မကျော်လွှားနိုင်သေးကြောင်း တူရကီဆေးပညာ အဖွဲ့အစည်းတစ်ခုမှ သုတေသီ Cavit Isik Yauvz က ပြောသည်။

လာမည့်ရက်သတ္တပတ်များတွင် ဥရောပတစ်ခွင်၌ ရောဂါကူးစက်မှုအရှိန် အသင့်အတင့်ရလာနိုင်ပြီး မြန်မြန်ဆန်ဆန် စစ်ဆေးမှုမပြုလုပ်ပါက ကျန်းမာ‌ရေးစနစ်သည် ဖိအားများနှင့်ရင်ဆိုင်ရနိုင်ကြောင်း ဥရောပရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ (ECDC) ကပြောသည်။

အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာကျင့်ထုံးများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ ခပ်ခွါခွါနေခြင်းနှင့် လက်ဆေးခြင်းများကို လုပ်ဆောင်ရန်အရေးကြီးကြောင်း ECDC ဒါရိုက်တာ Andrea Ammon က ပြောသည်။

ရဲထိန်းသိမ်းမှုခံရစဉ် လူမည်းဂျော့ချ်ဖလွိုက် သေဆုံးသွားပြီးနောက် ဥရောပမြို့ကြီးအများအပြားတွင် လူထောင်ပေါင်းများစွာပါဝင်သော လူမျိုးရေးခွဲခြားမှုဆန့်ကျင်ဆန္ဒပြပွဲများအကြား  ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမည်ကိုလည်း တာဝန်ရှိသူများက စိုးရိမ်နေကြသည်။

"လူစုလူဝေးပွဲတွေက ရောဂါကူးစက်ပျံ့နှံ့ဖို့ အဓိကလမ်းကြောင်းပဲ” ဟု EU ကော်မရှင်မှ ကျန်းမာရေးတာဝန်ရှိသူ Martin Seychell  က သတိပေးပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly