ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်ပွား

ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်ပွား

ဇွန် ၅

ကွန်ဂိုနိုင်ငံ အနောက်ပိုင်းက ဘွမ်ဘန်ဒါ့ကာမြို့တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားကြောင်း အာဏာပိုင်များက တနင်္လာနေ့၌ ကြေညာသည်။

ယင်းကြောင့် ၂၀၁၈ ခုနှစ်က နိုင်ငံအရှေ့ပိုင်းတွင် ကူးစက်ဖြစ်ပွားခဲ့သော ယင်း ဗိုင်းရပ်စ်သည် တစ်ကျော့ပြန်လာကာ ဒေသတွင်း နောက်ထပ် ရောဂါဘေးအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

ကွန်ဂိုမြစ်ကမ်းနံဘေးတွင်ရှိပြီး ကင်ရှာဆာမြို့တော်နှင့် ပုံမှန်သယ်ယူပို့ဆောင်ရေး ချိတ်ဆက်ရာ လူဦးရေ ၁ ဒသမ ၅ သန်းရှိသော ကုန်သွယ်ရေးအချက်အချာဖြစ်သည့် ယင်းမြို့တွင် အီဘိုလာ ကူးစက်သူ ခြောက်ဦးကို တွေ့ရှိပြီး ယင်းတို့အနက် လေးဦး သေဆုံးခဲ့သည်။

ဘွမ်ဘန်ဒါ့ကာမြို့သည် ယုဂန်ဒါနယ်စပ်နားက အီဘိုလာကြောင့် လူပေါင်း ၂၂၀၀ သေဆုံးထားသည့် မြောက်ကီဗူးပြည်နယ်နှင့် ကီလိုမီတာ ၁၀၀၀ အကွာတွင် ရှိသော မြို့ဖြစ်သည်။ နယ်စပ်ဖြစ်သည့် မြောက်ကီဗူးပြည်နယ်သည် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အရာမထင်ရာ နယ်မြေဒေသလည်း ဖြစ်သည်။

ယခု အီဘိုလာ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းသည် ကွန်ဂိုနိုင်ငံအတွက် ၁၉၇၆ ခုနှစ်က အီဘိုလာမြစ်အနီး ယင်း ဗိုင်းရပ်စ် စတင်တွေ့ချိန်မှစတင်လျှင် ၁၁ ကြိမ်မြောက် ဖြစ်ပွားမှုလည်း ဖြစ်သည်။

“ဘွမ်ဘန်ဒါ့ကာမှာ အီဘိုလာကူးစက်ဖြစ်ပွားမှု အသစ် ဖြစ်ပွားပေါ်ပေါက်ပါတယ်။ ကာကွယ်ဆေးနဲ့ ဆေးဝါးပစ္စည်းတွေ အလျင်အမြန်ပဲ ပေးပို့နေပါတယ်။”ဟု ကျန်းမာရေးဝန်ကြီးဖြစ်သူ အီတီနီလောင်ဂွန်ဒိုက သတင်းထောက်များအား ပြောသည်။

အပြင်းဖျားခြင်းကို ဖြစ်ပေါ်စေသော အီဘိုလာဗိုင်းရပ်စ်သည် ကူးစက်ထားသူ၏ ကိုယ်ခန္ဓာ အရည်များကို တိုက်ရိုက်ထိတွေ့ရာမှ ထပ်ဆင့်ကူးစက်ပျံ့နှံ့သည့် ဗိုင်းရပ်စ်ဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံလူနာများသည် ဆိုးဆိုးဝါးဝါး အော့အန်ခြင်းများနှင့် ဝမ်းလျှောခြင်းများ ခံစားရသည်။

ယခု အသစ်ကူးစက်မှုသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း အီဘိုလာ ကူးစက်ဖြစ်ပွားမှု သုံးကြိမ်ကြုံထားရသည့် ကွန်ဂိုနိုင်ငံအတွက် အဓိကထိုးနှက်ချက်တစ်ရပ်လည်း ဖြစ်နေသည်။ နိုင်ငံအနေဖြင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးသည့် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားမှုနှင့် လူပေါင်း ၃၀၀၀ ကျော် ကူးစက်ကာ ၇၁ ဦး သေဆုံးသည့် COVID-19 ရောဂါတို့ကို ရင်ဆိုင်တိုက်ဖျက်နေရချိန်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly