မေ ၁၇
အစ္စရေးဆိုင်ရာ တရုတ်သံအမတ်ကြီးသည် တဲလ်အဗစ် ဆင်ခြေဖုံးရှိ ၎င်း၏ နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိကြောင်း အစ္စရေး ရဲတပ်ဖွဲ့ ပြောခွင့်ရသူတစ်ဦးက ပြောသည်။
အသက် ၅၇ နှစ်ရှိ တရုတ်သံအမတ်ကြီး တုဝေ သေဆုံးရခြင်း အကြောင်းရင်းနှင့် ပတ်သက်ပြီး ယင်း ပြောခွင့်ရသူက ထင်မြင်ချက်ပေး ပြောကြားခြင်း မရှိပေ။ သံအမတ်ကြီး တုဝေသည် ဖေဖော်ဝါရီလအတွင်းကမှ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခြင်းဖြစ်သည်ဟု သံရုံး ဝက်ဘ်ဆိုက်အရ သိရသည်။
“လုပ်ထုံးလုပ်နည်းတွေအတိုင်း ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။”ဟု အဆိုပါ ပြောခွင့်ရသူက ဆိုသည်။
ကနဦး လက္ခဏာများအရ တုဝေသည် ရိုးရိုးတန်းတန်း အိပ်စက်နေစဉ်မှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်သော အရေးပေါ်ကျန်းမာရေးတာဝန်ရှိသူများကို ကိုးကားပြီး အစ္စရေး Channel 12 TV က သတင်းဖော်ပြခဲ့သည်။