မေ ၆
ဘော့စနီးယားနိုင်ငံ မြို့တော်ဆာရာယေဗိုမှ နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး Stasa Kosara သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး စည်းမျဉ်းများကိုချိုးဖောက်ပြီး မိတ်ဆွေဆရာဝန်တစ်ဦး၏မွေးနေ့ပွဲကိုတက်ရောက်ခဲ့မှုကြောင့် အင်္ဂါနေ့တွင် တောင်းပန်စကားဆိုခဲ့ရသည်။
လူကုံထံစားသောက်ဆိုင်တစ်ဆိုင်၌ တနင်္လာနေ့ညက ကျင်းပခဲ့သော အဆိုပါမွေးနေ့ပွဲတွင် လူ ၂၀ ခန့်တက်ရောက်ခဲ့ကြပြီး သီချင်းဆို စားသောက်ပျော်ရွှင်နေကြသည့် ဓာတ်ပုံများ လူမှုမီဒီယာတွင် ပျံ့နှံခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အဆိုပါမွေးနေ့ပါတီကို ဝင်ရောက်စီးနင်းပြီး ဒဏ်ငွေရိုက်ခဲ့ကြောင်း သိရသည်။
Lockdown ချမှတ်ထားသော ဘော့စနီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၈၀ ခန့်သေဆုံးထားပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးနိုင်ရန် စားသောက်ဆိုင်များအားလုံးကို ပိတ်ခိုင်းထားကာ လူစုလူဝေးပြုလုပ်ခြင်းများကို တားမြစ်ထားသည်။
မွေးနေ့ပွဲတက်ရောက်သူများတွင် နာမည်ကျော်တေးသံရှင်များလည်းပါဝင်ပြီး အာဏာပိုင်များအား COVID-19 တိုက်ဖျက်ရေးစီမံချက်များအကြံပေးသည့် တိရစ္ဆာန်ရောဂါဆိုင်ရာပါမောက္ခ တစ်ဦးလည်းပါဝင်ကြောင်းသိရသည်။
ဝန်ကြီး Stasa Kosara က ၎င်း၏ အဆင်အခြင်မဲ့လုပ်ရပ်အတွက် ဒဏ်ကြေးဆောင်မည်ဖြစ်ကြောင်း၊ အပြည့်အဝတာဝန်ခံသွားမည်ဖြစ်ကြောင်းနှင့် ပါတီကျင်းပမည့်ပုံစံကို မသိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ဘော့စနီးယားတွင် ကိုရိုနာဗိုင်းရပ်စ်တားဆီးရေးစည်းမျဉ်းချိုးဖောက်မှုများအတွက် မာ့ခ်ငွေ ၅၀၀ မှ ၁၅၀၀ (ယူရို ၂၅၅ - ၇၆၇) ကို ဒဏ်ကြေးအဖြစ်သတ်မှတ်ထားသည်။ ဝန်ကြီး Stasa Kosara ၏ SNSD ပါတီအကြီးအကဲ Milorad Dodik က Stasa ၏ နိုင်ငံရေးအသက်မွေးဝမ်းကျောင်းမှု အဆုံးသတ်ပြီ ဟု သတိပေးပြောကြားခဲ့သည်။
မွေးနေ့ရှင်ဆရာဝန် Jusuf Sabanovic သည်လည်း ဆာရာယေဗိုရှိ အဓိကဆေးရုံကြီးတစ်ရုံ၏ ခွဲစိတ်ကုသမှုဌာနအကြီးအကဲရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
“အားလုံးအတွက် စည်းမျဉ်းစည်းကမ်းတွေက အတူတူပါပဲ။ လူတိုင်းလေးစားလိုက်နာသင့်တယ်” ဟု ဆေးရုံ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဆာရာယေဗိုတက္ကသိုလ် တိရစ္ဆာန်ဆေးကုသရေးဌာနအကြီးအကဲ Nihad Fejzic လည်း မွေးနေ့ပွဲတက်ရောက်ခဲ့မှုအတွက် အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ Nihad သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအစီအမံများအတွက် အာဏာပိုင်များကို အကြံပေးသော အထူးအဖွဲ့နှင့် အတူပူးတွဲလုပ်ဆောင်နေသူဖြစ်သည်။