နေပြည်တော်၊ နိုဝင်ဘာ ၄ ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ တွဲဖက်ဥက္ကဋ္ဌတာဝန်မှ ရပ်ဆိုင်းခံထားရသည့် သူရဦးရွှေမန်းကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း သတင်းများထွက်ပေါ်လာမှုသည် ကောလဟလသာ ဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် နိုဝင်ဘာ ၄ရက်က ထုတ်ပြန်လိုက်သည်။
"အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့လျှက်ရှိသော အဆိုပါ သတင်းသည် ကောလဟလသာဖြစ်ပါကြောင်း နှင့် ရေးသားဖြန့်ဝေမှုများအား ရပ်တန့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။"ဟု ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်လိုက်သည်။
ပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန၏ ဌာနမှူး ဦးကျော်သူရက "ဒီသတင်းက ကောလဟလသတင်း။ ကျွန်တော်တို့လည်း ပြန်ပြီးတော့ ချေဖျက်ပါမယ်။ တရားဝင်ဝဘ်ဆိုက်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဝက်ဆိုတို့၊ တရားဝင်ပေ့ချ်တွေဖြစ်တဲ့ USDP ဖေ့စ်ဘုတ်တို့မှာ တရားဝင်ပြန်ပြီးတော့ တုံ့ပြန်။ ရေးပေးပါမယ်။ ဒါက ကောလဟလဖြစ်တဲ့အကြောင်း။ ဒီအချိန်မှာကတော့ ရွေးကောက်ပွဲနီးလာတော့ ဒါတွေကတော့ ကောလာဟလတွေကတော့ ရှိတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေးအခြေအနေအရပေါ့"ဟု ပြောသည်။
ပါတီက တရားဝင် မထုတ်ပြန်မီ ပါတီ၏ လက်ရှိ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသည့် ဦးဌေးဦးကမူ ပါတီအတွက် အလုပ်မလုပ်တော့သည့် လူတစ်ဦးဟာ ပါတီတွင် ဆက်မရှိသင့်တော့ကြောင်း နှင့် လွန်ခဲ့သည့် နှစ်ရက်အထိ ၎င်းသည် ပါတီဝင် တစ်ဦးအဖြစ် ရှိနေကြောင်း ဘီဘီစီသတင်းဌာနကို ပြောကြားထားသည်။
အလားတူ ဧရာဝတီသတင်းဌာနတွင်လည်း ဦးဌေးဦးက လွန်ခဲ့သည့် နှစ်ရက်ခန့်ကအထိ ပါတီတွင် ဦးရွှေမန်းနှင့်တွေ့ကြောင်း၊ဦးရွှေမန်းပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ခြင်း၊မဖြစ်ခြင်းဆိုသည်မှာ ယုံကြည်မှုမရှိလျင်လည်း ပြည်ခိုင်ဖြိုးပါတီဝင်မဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ တရာဝင် ဝဘ်ဆိုက်ဖြစ်သည့် www.usdp.org.mm တွင်မူ သူရဦးရွှေမန်း၏ သတင်းနှင့်ပတ်သက်၍ ညနေ ၆နာရီအထိ တစ်စုံတစ်ရာ ရေးသားထုတ်ပြန်ထားခြင်း မရှိသေးပေ။