တိုကျိုအိုလံပစ် တစ်နှစ်တာရွှေ့ဆိုင်းရတဲ့အတွက် အမျိုးသားအိုလံပစ်ကော်မတီတွေနဲ့ အားကစားသမားတွေကို အမေရိကန်ဒေါ်လာ ၂၅.၃ သန်း ခွဲဝေချထားပေးသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကောင်မတီ (အိုင်အိုစီ)က ဧပြီ ၂၄ ရက်က ပြောပါတယ်။
အိုင်အိုစီရဲ့ ထုတ်ပြန်ကြေညာချက်အရ ပြိုင်ပွဲရွှေ့ဆိုင်းရတာကြောင့် ခရီးသွားလာခ ကုန်ကျစရိတ်နဲ့ နေထိုင်စရိတ်တွေအပါအဝင် အမျိုးသားအိုလံပစ်ကော်မတီတွေမှာ ကြုံတွေ့ရတဲ့ နောက်ထပ်ကုန်ကျစရိတ်တွေအတွက် ဒေါ်လာ ၁၀.၃ သန်း ပေးသွားမယ်လို့ သိရပါတယ်။
အိုင်အိုစီရဲ့ ထုတ်ပြန်ချက်အရ ဘယ်လိုစံနှုန်းတွေနဲ့ ကိုက်ညီရမယ်ကို အသေးစိတ် ပြောမထားဘဲ အမျိုးသားအိုလံပစ်ကော်မတီရဲ့ "လျှောက်လွှာအပေါ် အခြေခံပြီး" ရန်ပုံငွေတွေကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့်နှစ် အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ အားကစားသမား ၁,၆၀၀ တို့အတွက် နောက်ထပ် ဒေါ်လာ ၁၅ သန်းရရှိစေဖို့ အစီအစဉ်တစ်ခုအတွက် ရည်ရွယ်ထားပါတယ်။
တစ်ကမ္ဘလုံးအနှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရစ်ကြောင့် ၂၀၂၀ နွေရာသီအားကစားပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ မတ် ၂၄ ရက်က ကြေညာခဲ့ပါတယ်။
မူလက ဇူလိုင် ၂၄ ရက်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ အိုလံပစ်ပြိုင်ပွဲကို ယခုအခါ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နဲ့ သြဂုတ် ၈ ရက်ကြားမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Ref; KYODO