ပလက်ဝမြို့သို့ ဆန်အိတ် ရှစ်ရာကျော်နှင့် ဆေးဝါးများ ရောက်ပြီ

ပလက်ဝမြို့သို့ ဆန်အိတ် ရှစ်ရာကျော်နှင့် ဆေးဝါးများ ရောက်ပြီ
ပလက်ဝဒေသမှ တိုက်ပွဲရှောင်များကို အားပေးစကားပြောနေသော ဝန်ကြီး ဦးစိုးထက် (ပုံ- Soe Htet fb)

ဧပြီ ၂၁

ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များအတွက် ခက်ခက်ခဲခဲပို့ခဲ့ရသည့် ဆန်အိတ် ၈၃၀ နှင့် ဆေးဝါးများသည် ချင်းပြည်နယ်အစိုးရ၏ အကူအညီဖြင့် ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ချင်းတိုက်ပွဲ ရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည် ထူထောင်ရေးကော်မတီ (RRCCI)မှ ကြေညာသည်။

ဧပြီ ၁၉ရက်နေ့က ဆန်နှင့်ဆေးဝါးများပို့ဆောင်ခြင်းကို ပြည်နယ်အစိုးရအကူအညီအပြင် တပ်မတော်ဘက်ကလည်း လုံခြုံရေးအကူအညီပေးခဲ့ကြောင်းသိရသည်။

သို့သော် ယခုပို့ဆောင်ပေးနိုင်ခဲ့သော ဆန်အိတ်များသည် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူ ၃၇၀၀ နီးပါးနှင့်မြို့သူမြို့သား ၇၀၀၀ကျော်အတွက် ရက်အနည်းငယ်သာ လုံလောက်မှုရှိသဖြင့် ကျန်ရှိနေသည့် ဆန်အိတ် ၂၁၀၀ ကျော်ကို အမြန်ဆုံးပို့ပေးနိုင်ရန်လိုအပ်နေသည်ဟု ဆိုသည်။

“ဆက်ပို့မယ်။ ပို့မယ်ဆိုတဲ့နေရာမှာ လမ်းကြောင်းလုံခြုံမှုရှိဖို့တော့လိုတယ်။ အဲ့တော့လမ်းကြောင်း လုံခြုံမှုအတွက်ကို တာဝန်ရှိတဲ့ အာဏာရှိတဲ့အာဏာပိုင်တွေက အထူးသဖြင့် ပြည်ထဲရေးကနေ အစ်မတို့ကို လုံခြုံမှုပေးရင်တော့ ပိုအဆင်ပြေမယ်လို့ ယူဆရတယ်။” ဟု RRCCI မှ မိုင်နန်းဝေက ပြောသည်။

ပလက်ဝမြို့နယ်သို့ ကျန်ရှိသည့် ဆန်အိတ်များထပ်မံရောက်ရှိနိုင်ရန် ပြည်နယ်အစိုးရအနေဖြင့်ကြိုးစားနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“အခုက ပို့ဖို့က ကားသမားတွေမပို့ရဲဘူးဖြစ်နေတာ။ သူတို့ခက်ခဲနေတယ်ပေါ့နော်။ အခုလည်းကားသမား တွေပို့ဖြစ်အောင်နည်းမျိုးစုံပြောပြီးတော့ပို့ဖြစ်သွားတယ်ပေါ့။ အဓိကကတော့ နယ်မြေအေးချမ်းတာနဲ့ ဆန်အိတ်တွေကအကုန်ပို့လို့ရသွားမှာပါ။” ဟု ဝန် ကြီး ဦးစိုးထက်က ပြောသည်။

လက်ရှိရောက်ရှိခဲ့သည့် ဆန်အိတ် ၈၃၀နှင့် ဆေးဝါးများကို ဧပြီ ၁၄ရက်နေ့မှ စတင်ကာ ကား၁၀စီးဖြင့် ပလက်ဝဘက်သို့ပို့ဆောင်ရန် ပြုလုပ်ခဲ့သော်လည်း  AA ဘက်က ပစ်ခတ်မှုများရှိခဲ့သည်ဟု  RRCCI က ပြောသည်။

“ AA ဘက်က ပလက်ဝဘက်ကမ်းကနေ သေနတ်နဲ့ ပစ်ခတ်မှုတွေရှိနေလို့ သွားပို့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားမပို့ရဲတော့ဘဲနဲ့ သောင်တင်နေတာပါ”ဟု မိုင်နန်းဝေ ပြောသည်။

၂၀၁၅ ခုနှစ်၊မတ်လမှစတင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာသည်။ စစ်ကြောင့် အိုးအိမ်စွန့်၍ ပြေးရှောင်ရသူ  ၉၀၀၀ နီးပါးရှိကြောင်း  RRCCI ထံမှ သိရသည်။

 ပလက်ဝမြို့ပေါ်တွင် ၃၆၅၇ ဦးရှိပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်လည်း ထောင်နှင့်ချီရှိကြောင်းနှင့် ဆမီးတွင် ၃၀၀၀ ကျော် ၊ မြင်းခြံအပေါ်ဘက်ပိုင်းနှင့် ထန်တလန်ဘက်တွင်  ရာနှင့်ချီရှိကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများကြောင့် ယခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အရပ်သား ၂၉ ဦး သေဆုံးထားပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ကြောင်း RRCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly