မက်ဆီဟာ ဘာစီလိုနာမှာပဲ နောက်ဆုံးအချိန်အထိ ကစားလိမ့်မယ်လို့ ဖာဘရီဂက်စ် ပြော

မက်ဆီဟာ ဘာစီလိုနာမှာပဲ နောက်ဆုံးအချိန်အထိ ကစားလိမ့်မယ်လို့ ဖာဘရီဂက်စ် ပြော
Photo: EPA

ဘာစီလိုနာအသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မက်ဆီနဲ့ အတူတူ တွဲကစားခဲ့ဖူးတဲ့ ကွင်းလယ်လူ ဖာဘရီဂက်စ်ကတော့ မက်ဆီရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး သုံးသပ်လိုက်ပါတယ်။

ဘောလုံးရာသီတစ်ခါကုန်တိုင်းမှာ စာချုပ်သစ် ထပ်မချုပ်ဖို့ ဆုံးဖြတ်ခွင့်ကို ရရှိထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ မကြာခဏ ဆိုသလို ဖြစ်နေပြီး အသင်းကနေ ထွက်ခွာသွားတော့မယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာပါ။

ဒါပေမယ့် ဖာဘရီဂက်စ်ကတော့ သူ့ရဲ့အသင်းဖော်ဟောင်း မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝကနေ အနားယူတဲ့အချိန်အထိ ကစားသွားမှာဖြစ်ပြီး တခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့သွားမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အသက် (၁၃)နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းဆီရောက်လာခဲ့ပြီး အသင်းနဲ့အတူ ကြီးကျယ်တဲ့စံချိန်တွေ တင်ထားခဲ့တဲ့ မက်ဆီဟာ မန်စီးတီးနဲ့ အင်တာမီလန်အသင်းတွေဆီရောက်ဖို့ သတင်းတွေ ထွက်နေပေမယ့်လည်း သူဟာ ဘာစီလိုနာကို လွယ်လွယ်နဲ့စွန့်ခွာမယ့်သူမဟုတ်ဘူးလို့ ဖာဘရီဂက်စ်က ဆိုပါတယ်။

“ကျွန်တော် မက်ဆီနဲ့ စကားပြောဖြစ်ပါတယ်။ ကလပ်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်နေပေမယ့် သူ့ရဲ့ ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ထားတယ်။” လို့ ဖာဘရီဂတ်စ်က အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တာပါ။

လက်ရှိ ဘောလုံးကမ္ဘာရဲ့ ထိပ်သီးနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့အပေါ် ပရိသတ်တွေ နှိုင်းယှဉ်ရာမှာတော့ ရော်နယ်ဒိုဟာ မတူညီတဲ့ လိဂ်တွေဆီ သွားရောက်ပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေပေမယ့် မက်ဆီကတော့ လာလီဂါပြိုင်ပွဲတစ်ခုတည်းမှာပဲ မင်းမူနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေခဲ့တာပါ။

အဲဒီအတွက်ကြောင့်ပဲ မက်ဆီဟာ အသင်းပြောင်းဖို့ အတွေးတွေ ရှိလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပြီး သူဟာ ဘာစီလိုနာမှာပဲ ကျော်ကြားတဲ့ ကစားသမား မဟုတ်ဘူးဆိုတာ နောက်ထပ် နှစ်အနည်းငယ်သာ သက်သေပြဖို့ ကျန်တော့မယ်လို့ ရေးသားနေကြတာပါ။

“ခရစ္စတီယာနိုက အသက်၃၅ နှစ်ရှိပါပြီ ၊ မက်ဆီကတော့ ၃၃ နှစ်ပေါ့…။ သူတို့ရဲ့ နေရာကို အစားထိုးနိုင်မယ့် ကစားသမားကို ပြောပါဆိုရင်တော့ ကျွန်တော်က ဘက်ပီကိုပဲ မြင်မိပါတယ်။ သူ့ရဲ့စွမ်းရည်၊ ငယ်ရွယ်မှုနဲ့ ကြိုးစားမှုတွေက နောက် ၁၀ နှစ်လောက်ဆိုရင် ထိပ်ဆုံးနေရာကို ရောက်သွားစေပါလိမ့်မယ်။” လို့ ဖာဘရီဂတ်စ်က မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ ခေတ်အကုန်မှာ ဘယ်သူက ထိပ်ဆုံးရောက်လာမလဲဆိုတာကိုလည်း သုံးသပ်ပြသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required