ဗဟန်းမြို့နယ်ကို ပြင်ပလူများဝင်ရောက်ခွင့် မပြုရန် ပြင်ဆင်နေ

ဗဟန်းမြို့နယ်ကို ပြင်ပလူများဝင်ရောက်ခွင့် မပြုရန် ပြင်ဆင်နေ
Photo - ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 လူနာ ဒုတိယအများဆုံးတွေ့ရှိခဲ့ရာနေရာဖြစ်သော ဗဟန်းမြို့နယ်ကို ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ အပြင်လူများဝင်ရောက်ခြင်းမပြုသော Semi-lockdown ချသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့စတင်၍  ရပ်ကွက်သူ၊ရပ်ကွက်သားများအနေဖြင့် ဝင်/ ထွက်သွားလာခွင့်ရှိမည်ဖြစ်သော်လည်း မြို့နယ်အတွင်းသို့ ပြင်ပလူများ ဝင်/ ထွက်ခွင့်ကို(လုံးဝ)ခွင့် ပြုတော့မည်မဟုတ်ကြောင်း ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းမြင့်က သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
 
ထို့အပြင် COVID-19 ရောဂါမပြန့်ပွားရေးနှင့် လုံခြုံရေးကိစ္စများ အထူးဆောင်ရွက်ရန်  မြို့နယ်အတွင်းရှိလမ်းသွယ်များကို ပိတ်မည်ဟုလည်း ပါရှိသည်။ လမ်းမကြီးများကိုတော့ ဖွင့်လှစ်ထားမှာဖြစ်သည်။

 ဦးထွန်းမြင့်က“  အကျဉ်းသားတွေကို လွှတ်ပေးတဲ့အခါကျ‌တော့အခုဟာကမလိုလားအပ်တဲ့ပြဿနာတွေရှိတယ်လေ။ ကိုယ့်ရပ်ကွက်ထဲကမဟုတ်ဘဲ တခြားပစ်မှုကျူးလွန်နိုင်တဲ့အတွက်လုံခြုံရေးကြောင့်ပါ။ ရှင်းရှင်းပြောရရင်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၃၈/ ၂၀၂၀ အမိန့်နဲ့ပက်သက်ပြီးညနေ ၃ နာရီနောက်ပိုင်း ထုတ်ပြန်ဖို့လည်းရှိပါတယ်” ဟုပြောသည်။

 မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်အကျဉ်းသား၂၅၀၀၀ နီးပါးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  အင်းစိန်မြို့နယ်သည် လူနာ ၁၇ ဦးဖြင့် အများဆုံးဖြစ်ပြီး ဗဟန်းမြို့နယ်သည် လူနာ ၁၂ ဦးရှိကာ ဒုတိယအများဆုံး မြို့နယ်ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၉၄ ဦးရှိရာ ရန်ကုန်တိုင်းမှ ၇၆ ဦးဖြစ်သည်။

အလားတူပင် ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြား မြို့နယ် ခုနှစ်ခုတွင် ပြည်သူ များအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ချမှတ်ကြောင်း ကြေညာသည်။

 တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊  မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် မနက်ဖြန် ညနေ ၆ နာရီမှစ၍ မဖြစ်မနေကိစ္စများအတွက်သာ ခွင့်ပြု ချက်ဖြင့် သွားလာ၍ရမှာဖြစ်သည်။

 အရေးပေါ်ကိစ္စရပ်များအတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ခွင့်ပြုချက်တောင်းခံရမှာဖြစ်သည်။

အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၉၄ ဦးရှိနေပြီး သေဆုံးသူ ငါးဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required