အမေရိကန်ဒေါ်လာ ၃၉၉ တန်ဖိုးရှိ iPhone အသစ်အား Apple မိတ်ဆက်

အမေရိကန်ဒေါ်လာ ၃၉၉ တန်ဖိုးရှိ iPhone အသစ်အား Apple မိတ်ဆက်

ဆန်ဖရန်စစ္စကို၊ ဧပြီ ၁၆

ကပ်ရောဂါဖြစ်ချိန်သည် ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ရန် အဆိုးရွားဆုံးအချိန်ဖြစ်သော်လည်း Apple ကုမ္ပဏီသည် ၎င်းတို့၏နောက်ဆုံးပေါ် iPhone အသစ်ကို ဧပြီ ၁၅ ရက်က မိတ်ဆက်ပြသလိုက်သည်။ အသစ်ထွက်ရှိလာသော iPhone SE စမတ်ဖုန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၉၉ မျှသာ ရှိပြီး ပုံမှန်ရောင်းနေကျ iPhone တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၉ ထက် ၄၀ % သက်သာသည်။

ယခင် iPhone မျိုးဆက်ဟောင်းကဲ့သို့ ဒီဇိုင်းရှိပြီး computing power မှာ မျိုးဆက်သစ် iPhone များနှင့် အတူတူဖြစ်သည်။ SE (Special Edition ) သည် ၂၀၁၄ ခုနှစ်ထုတ် iPhone ပုံစံဖြစ်ပြီး face scanner အစား home ခလုတ်ပါရှိသည်။ သို့သော် ၂၀၁၉ ခုနှစ်ထုတ် iPhone 11 ကဲ့သို့ပင် မြန်ဆန်သည်။

Apple သည် ပုံမှန်အားဖြင့် ထုတ်ကုန်သစ်မိတ်ဆက်ရာတွင် တခမ်းတနား ပွဲများကျင်းပလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလနှင့် ကြုံကြိုက်နေသဖြင့် live-stream ပြသပြီး iPhone အသစ်ကို မိတ်ဆက်ခဲ့သည်။

စမတ်ဖုန်းထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံရှိ စက်ရုံများကို အားထားနေရသော Apple ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လုပ်ငန်းများပိတ်သိမ်းခဲ့ရပြီး ယခုမှ စက်ရုံများ တဖြည်းဖြည်း ပြန်လည်ပတ်လာသည့်အတွက် ထုတ်လုပ်မှုနှောင့်နှေးမည်ဟု ဖေဖော်ဝါရီလက ပြောခဲ့သည်။ တစ်ချိန်တည်းမှာပင် lockdown ချမှတ်ထားချိန်၌ အိမ်မှနေ၍ အလုပ်လုပ်သူများနှင့် လေ့လာသူများအတွက် iPads နှင့် Mac laptop ကဲ့သို့သော computing device များနှင့် iPhone များသည် မရှိမဖြစ် လိုအပ်လာကြသည်။

iPhone အသစ်သည် ဧပြီ ၂၄ ရက်တွင် ဈေးကွက်အတွင်းရောက်ရှိမည်ဟု Apple ကုမ္ပဏီက ပြောသည်။

Creative Strategies သုတေသနကုမ္ပဏီမှ စားသုံးသူနည်းပညာလေ့လာသုံးသပ်သူ Carolina Milanesi က ဖောက်သည်များ ဖုန်းကိုမဝယ်မီ စမ်းသပ်နိုင်သည့် iPhone လက်လီအရောင်းဆိုင် အတော်များများပိတ်ထားသဖြင့် ယခုအချိန်သည် စမတ်ဖုန်းအသစ် မိတ်ဆက်ရန် အချိန်အခါကောင်းမဟုတ်ကြောင်း၊ သို့သော် ကပ်ရောဂါကြောင့် ငွေကြေးကျပ်တည်းနေသူများအနေဖြင့်ဈေးသက်သာသော iPhone ကို ဝယ်ယူနိုင်မှာဖြစ်သောကြောင့် ကျေးဇူးတင်နေကြလိမ့်မည်ဟု ပြောသည်။

Apple က ၎င်းတို့၏ iPhone များကိုအသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် စီစဉ်ထားသည်ဟုဆိုသည်။ ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ခဲ့ခြင်း ရှိ / မရှိပြောနိုင်သည့် ဆော့ဖ်ဝဲကိုတီထွင်ပြီး  စမတ်ဖုန်းထဲ ထည့်သွင်းအသုံးပြုရန် Google နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု  ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly