နေပြည်တော် ဧပြီ ၁၄
ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မိသားစုအပါအဝင် လူအယောက် ၃၀ ကျော်ကို ကိုဗစ် ကူးစက်ခံရမှု ရှိမရှိ ဆေးစစ်မည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက သမ္မတအိမ်တော်သတင်းထောက်အဖွဲ့ကို ဧပြီ ၁၄ ရက်မနက်ပိုင်းက လူမှုကွန်ယက်ကတစ်ဆင့် ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် တရားဟောဆရာတစ်ဦးနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ တွေ့ဆုံသည့် ဓာတ်ပုံနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
အဆိုပါဓာတ်ပုံသည် ဖေဖော်ဝါရီ ၉ ရက်နေ့ကပုံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှသာ ရောဂါပိုးတွေ့ခြင်းဖြစ်ကာ ၎င်းရက်နောက်ပိုင်း တွေ့ဆုံမှုမရှိကြောင်း ဦးဇော်ဌေးက ပြောသည်။
သို့ရာတွင် လူထုစိုးရိမ်မှုမြင့်တက်နေသဖြင့် ရှင်းရှင်းလင်းလင်းသိနိုင်ရန် ဓါတ်ခွဲနမူများ ရယူပြီး စစ်ဆေးခြင်းဖြစ်ကာ နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်နှင့် တွေ့ဆုံမှုများကို ကျန်းမာရေး Guideline နှင့်အညီအထူးကြပ်မတ် စိစစ်သွားမည်ဟု ဦးဇော်ဌေးက ပြောသည်။
ဧပြီ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့သူ ၆၂ဦး ရှိပြီဖြစ်ကာ ရန်ကုန်မြို့တွင် အများဆုံးကူးစက်ခံထားရသည်။