ဧပြီ ၁၁
အင်ဒိုနီးရှားနိုင်ငံ လမ်ပန်ပြည်နယ်ရှိ အာနက်ခရာကာတို (Anak Krakatau) မီးတောင်သည် ယမန်နေ့ညက ပေါက်ကွဲခဲ့ပြီး မီးခိုးပြာများ အမြင့် မီတာ ၂၀၀ အထိ မှုတ်ထုတ်ခဲ့သည်။
ပထမပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၉ နာရီ ၅၈ မိနစ်မှ စတင်ခဲ့ကာ တစ်မိနစ်နှင့် ၁၂ စက္ကန့် ကြာမြင့်ခဲ့ပြီး ပြာနှင့်မီးခိုးများ အမြင့် မီတာ ၂၀၀ ခန့်အထိ မှုတ်ထုတ်ခဲ့သည်ဟု မီးတောင်နှင့်ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေးစင်တာ (PVMBG) ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထို့နောက် ၁၀ နာရီ ၃၅ မိနစ်အချိန်၌ ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ပြီး ၃၈ မိနစ်နှင့် ၄ စက္ကန့်ကြာမြင့်ကာ အမြင့်မီတာ ၅၀၀ ခန့်အထိ မီးခိုးပြာများမှုတ်ထုတ်ခဲ့သည်။
ဂျကာတာတွင် သောကြာနေ့မှစ၍ COVID-19 ရောဂါပြန့်ပွားမှုကိုတားဆီးရန် တစ်စိတ်တစ်ဒေသ အသွားအလာကန့်သတ်ထားပြီး တိတ်ဆိတ်နေချိန်ဖြစ်ရာ ပေါက်ကွဲမှုအသံသည် တစ်မြို့လုံးကို ပဲ့တင်ထပ်သွားကြောင်း သိရသည်။
လိုအပ်ပါက ကူညီကယ်ဆယ်ရေးလုပ်နိုင်ရန်အလို့ငှာ စစ်တပ်နှင့်ရဲများကလည်း အသင့်အနေအထားဖြင့်ရှိနေကြသည်။
အဆိုပါမီးတောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက နောက်ဆုံးပေါက်ကွဲခဲ့သေးသည်။ လွန်ခဲ့သည့်တစ်နှစ်ကျော်ကလည်း ပေါက်ကွဲပြီး မြေပြိုခဲ့မှုကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ကာ အနည်းဆုံး လူ ၄၃၀ ဦး သေဆုံးခဲ့သည်။
၁၈၈၃ ခုနှစ်ကဖြစ်ပွားခဲ့သော ခရာကာတိုမီးတောင်ပေါက်ကွဲမှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးပေါက်ကွဲမှုကြီးဖြစ်ကာ ဆူနာမီလှိုင်းများဆက်ဖြစ်ပေါ်ခဲ့သောကြောင့် လူပေါင်း ၃၆ ၀၀၀ ကျော်သေဆုံးခဲ့သည်။