ဧပြီ ၈
ယနေ့နံနက်အစောပိုင်းက ကွယ်လွန်ခဲ့သော COVID-19 လူနာအမှတ် ၁၇ ၏ ရုပ်အလောင်းကို နာရီအနည်းငယ်အကြာတွင် မီးသဂြိုလ်ပြီးစီးကြောင်း ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဌာန ဝန်ကြီး၊ ပဲခူးတိုင်း COVID- 19 ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကပြောသည်။
“ဒီနေ့ မနက်၃နာရီမှာဆုံးပါတယ်။ ပြည်ထောင်စုရဲ့ညွှန်ကြားချက်အတိုင်းပဲ တရားဟောဆရာတစ်ပါးနဲ့ မိသားစုဝင်နှစ်ဦးနဲ့ ပြည်သုသာန်မှာ မီးသဂြိုလ်ပါတယ်။ မနက်၇နာရီမှာသဂြိုလ်ပြီးတော့ အရိုးပြာကိုဂူသွင်းမယ်လို့ ဆရာဝန်ကြီးက ဖုန်းဆက်ပြောပါတယ်။” ဟု ဦးထွန်းထွန်းဦးကပြောသည်။
ဧပြီ ၆ရက်နေ့ညနေပိုင်းတွင် ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော အသက် ၄၇ နှစ်အရွယ် ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနော်ထွယ် သည် အသက်ရှုကျပ်လာခြင်းကြောင့် ပြည်ခရိုင်ဆေးရုံရှိ ICU ခန်းထဲသို့ရွေ့ ပြောင်းကာ အောက်စီဂျင်ပေးထားရခြင်းဖြစ်သည်။
ယမန်နေ့ နံနက်ပိုင်း တွင် ရန်ကုန်မှ ဆရာဝန်ကြီးများဆင်းလာကာ အရေးပေါ်ကုသမှုများပေးသော်လည်း နေ့လည်ပိုင်းမှစ၍ အသက်ရှုရခက်ခဲကာ ညနေပိုင်းတွင် အခြေနေဆိုးဝါးလာခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောသည်။
သေဆုံးသည် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေခြင်းဖြစ်ပြီး အထူးကြပ်မတ်ကုသ ဆောင် (ICU) ၌ ကုသပေးနေချိန် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
COVID-19 လူနာအမှတ် ၁၅ ဖြစ်သော ရန်ကုန်မြို့ International SOS Clinic တွင် အလုပ်လုပ်နေသော သူနာပြုဆရာမမှ တစ်ဆင့် ကူးစက်မှုဖြစ်ပွား၍ လူနာအမှတ် ၁၇ နှင့်တကွ မိသားစုဝင်များဖြစ်ကြသော အသက် ရှစ်နှစ်အရွယ် သမီး၊ အသက် ၁၀ နှစ်အရွယ်သားနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့ကို ကူးစက်ခဲ့သည်။
ကလေးများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ပေါက်ခေါင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွန်းက ဆိုသည်။ ဇနီးဖြစ်သူမှာ ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးတွင် ကုသမှုခံယူနေရသည်။