ဧပြီ ၂
COVID-19 အတည်ပြုလူနာ ပြင်သစ်နိုင်ငံသားသုံးဦး တည်းခိုသွားသည့် Best Western Green Hill ဟိုတယ်တွင် တည်းခိုသူနိုင်ငံခြားသားခုနှစ်ဦးနှင့် ဝန်ထမ်း ၂၇ ဦးတို့ကို အဝင်အထွက်ကန့်သတ်ထားကြောင်း တာမွေမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Best Western Green Hill ဟိုတယ်တွင် တည်းခိုနေသည့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းရေးအေဂျင်စီ(JICA) မှ ဝန်ထမ်း နိုင်ငံခြားသား ခုနှစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂၃ဦး၊ စုစုပေါင်း ၃၀ဦးကို အဝင်အထွက် ကန့်သတ်ထားပြီး ဟိုတယ်ကို မတ်လ ၃၀ရက်ညပိုင်းကတည်းက ၁၄ရက်စောင့်ကြည့်အဖြစ် ဝင်ထွက်ခွင့် ပိတ်ပင်ထားသည်။
“ လူ ၃၀ လုံးကို အဝင်အထွက်ကန့်သတ်ထားပါတယ်။ ကျန်းမာရေးဦးစီးဌာနက အတွင်းပိုင်းကို ဆေးတွေဘာတွေ ဆောင်ရွက်ပေးတယ်။” ဟု ဦးလှသိန်းက ပြောသည်။
ဟိုတယ်ရှိ အခြားသော နိုင်ငံခြားသားများမှာ ဂျပန်၊ ကိုရီးယားနှင့် ဖိလစ်ပိုင်တို့ ဖြစ်သည်ဟု ဆိုသည်။
ပြင်သစ်နိုင်ငံသား သုံးဦးမှာ လူနာအမှတ် ၁၁၊ လူနာအမှတ် ၁၂ နှင့် လူနာအမှတ် ၁၃ တို့ ဖြစ်သည်။ အဆိုပါပြင်သစ်နိုင်ငံသားသုံးဦးအပြင် နောက်ထပ် ပြင်သစ်နိုင်ငံသားတစ်ဦးကိုလည်း ဝေဘာဂီ အထူးဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်းသိရသည်။
လူနာအမှတ် (၈) ဧည့်လမ်းညွှန်အမျိုးသမီး၏ နောက်ကြောင်းကိုစစ်ဆေးရာမှ ပြင်သစ်နိုင်ငံသားများကို ခြေရာခံမိခဲ့သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်အရ အတည်ပြုလူနာများအပါအဝင် ပြင်သစ် ၁၁ ဦးပါဝင်သော ခရီးသွားအဖွ့ဲသည် ရန်ကုန်တွင် နေရာ ကိုးနေရာကို အဓိကသွားခဲ့သည်။
သူတို့သည် ရန်ကုန်မြို့တွင် ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း၊ မြို့တွင်း၊ ကိုလိုနီခေတ်အဆောက်အအုံများ၊ ရွှေတိဂုံစေတီတော်၊ မြို့ပတ်ရထားဖြင့် ကြည်မြင့်တိုင်ဘူတာအထိစီးခဲ့ကြသည်။ ဗိုလ်ချုပ်ပန်းခြံနှင့် ခြောက်ထပ်ကြီး ဘုရားရှေ့မှ ၁၆၂ စတိုးဆိုင်သို့လည်း သွားရောက်ထားသည်။ ထို့နောက် အင်းလျားလိတ်ဟိုတယ်ဝန်းထဲရှိ International SOS Clinic တွင် ကျန်းမာရေး ထောက်ခံချက်ယူခဲ့သည်။
ထို့မှတဆင့် မန္တလေးတွင်လည်း ရွှေကျောင်း၊မဟာမုနိ၊ကျောက်စိမ်းဈေး၊ အင်းဝ၊ စစ်ကိုင်းတောင်၊ ဦးပိန်တံတားတို့အပြင် မုံရွာမြို့ကိုပါ ဆက်သွားခဲ့ကြသလို မုံရွာ-ပခုက္ကူ-ပုဂံ တွေအပြင် ကလောသို့ပါ ခရီးဆက်ကာ နေရာတော်တော်များများ လည်ပတ်ခဲ့ကြသည်။
လက်ရှိတွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းအတွင်း ပိုးသတ်ဆေးများဖြန်းခြင်း၊ အနီးအနားရှိရပ်ကွက်များ၊ လမ်းများကို ပိုးသတ်ဆေးအလုံအလောက်ဖြန်းထားပြီး ဟိုတယ်ကိုလည်း လုံခြုံရေး ချထားကြောင်း ဦးလှသိန်းက ဆိုသည်။
တာမွေမြို့နယ်တွင် နိုင်ငံခြားမှ ပြန်ရောက်လာသူများနှင့် မြဝတီနယ်စပ်တွင် အလုပ်လုပ်ကိုင်ရင်းပြန်ရောက်လာသူများအတွက် ၁၄ ရက်စောင့်ကြည့်ရန် Quarantine နေရာအတွက် ပြင်ဆင်ထားသည့် နေရာ လေးနေရာရှိကြောင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောသည်။