မတ် ၂၇။ ။ အမေရိကန်တောင်ပိုင်း အရီဇိုးနားပြည်နယ်နှင့်နယ်နိမိတ်ထိစပ်လျက်ရှိသည့် ဆိုနိုရာပြည်နယ်က မက္ကဆီကိုနိုင်ငံသားများသည် COVID-19 ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုမခံယူသည့် အမေရိကန် နိုင်ငံသား များအား ၎င်းတို့နိုင်ငံအတွင်းသို့ မဝင်ရောက်စေလိုသောကြောင့် မတ်လ ၂၅ ရက်က နယ်စပ်စစ်ဆေးရေးဂိတ်ကို ဒုတိမြောက်နေ့အဖြစ် ပိတ်ကာ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် နှာခေါင်းစည်းများတပ်ဆင်ပြီး အမေရိကန်များအား "အိမ်မှာနေကြ" ဟူသည့် လက်ကိုင်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ယနေ့အချိန်ထိ မက္ကဆီကိုနိုင်ငံတွင် လူ (၆၀၀) နီးပါး COVID-19 ကူးစက်ခံထားရကာ (၆) ဦးသေဆုံးထားပြီး အမေရိကန်က လူ (၈၅ ၀၀၀) ကျော် ကူးစက်ခံထားရသည်။
မဖြစ်မနေလုပ်ဆောင်ရမည့် စီးပွားရေးကိစ္စရပ်များမှအပ နယ်စပ်ကို ဖြတ်ကျော်ခွင့်မပေးရန် စီစဉ်ထားသော်လည်း အာဏာပိုင်များက စည်းကမ်းတင်းကျပ်မှုလျော့နည်းကာ ရောဂါ စစ်ဆေးစမ်းသပ်မှု မလုပ်ဆောင်ကြကြောင်း ဆန္ဒပြသူများက ပြောသည်။
အမေရိကန်မှ မက္ကဆီကိုအတွင်းဝင်ရောက်သည့်သူများကို ရောဂါစမ်းသပ်စစ်ဆေးမှုလုပ်ဆောင်ပေးမည့် ဆိုနိုရာရှိ ကျန်းမာရေးဆိုင်ရာအဖွဲ့ဝင်များက ဦးဆောင်ပြီး နယ်စပ်ဂိတ်ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
"ကပ်ရောဂါနဲ့ပတ်သက်ပြီး ဖယ်ဒရယ်အစိုးရက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်တာ မရှိပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ နယ်စပ်မြို့ Nogales ကို လာပြီး ဆန္ဒပြကြရတာပါ၊ သမ္မတ လိုပက်ဇ်အိုဘရာဒိုကို ကပ်ရော ဂါနဲ့ပတ်သက်ပြီး အရေးတယူလုပ်စေချင်လို့ ကျွန်တော်တို့ ခုလို လုပ်ဆောင်ရတာပါ" ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jose Luis Hernandez ပြောသည်။
မက္ကဆီကိုသမ္မတကိုယ်တိုင်က ပြည်သူများအကြားသွားလာတွေ့ဆုံနေပြီး ကပ်ရောဂါကိုင်တွယ်ပုံပေါ့လျော့သည့်အတွက် ဝေဖန်မှုများစွာ ခံနေရသည်။
မက္ကဆီမှ အမေရိကန်သို့ ကျောင်းကိစ္စ၊ အလုပ်ကိစ္စဖြင့် နေ့စဉ် နယ်စပ်ဖြတ်ပြီး သွားလာနေသူများအပါအဝင် ကျန်းမာရေးနှင့် အလည်အပတ်သွားလာသော အမေရိကန်နှင့်မက္ကဆီကိုနိုင်ငံသားများအားလုံးကို အသွားအလာ ပိတ်ရန် ဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်သည်။