ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူနှစ်ဦး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ညတွင် ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် စစ်ဆေးတွေ့ရှိမှုဖြစ်လာခဲ့သည်။
နိုင်ငံခြားမှ ပြန်လာကြသော အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကာ တီးတိန်ဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင် သီးခြားထားရှိ၍ စနစ်တကျစောင့်ကြည်ကုသလျက်ရှိသည်ဟု ည ၁၁း၄၅ မိနစ်က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
“အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် အဆိုပါ အမျိုးသားနှစ်ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) လေးမျိုးဖြင့် ပိုမိုသေချာရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမေရိကန်နိုင်ငံမှ မတ်လ ၁၃ ရက်နေ့က လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသားဖြစ်ပြီး အမေရိကန်နိုင်ငံ၏ ယာယီနေထိုင်ခွင့် Green Card ရရှိထားသူလည်းဖြစ်သူ အမျိုးသားသည် မတ်လ ၁၉ ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့သည်။ ထို့နောက် မတ်လ ၂၁ ရက်နေ့တွင် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ စောင့်ကြည်ကုသမှုပြုခဲ့သည်။ ထို့နောက် ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သိ့ု ပေးပို့ခဲ့ရာ မတ်လ ၂၃ ရက်နေ့တွင် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။
“အဆိုပါ လူနာတွင် ချောင်းဆိုးခြင်းအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မရှိခဲ့ပါ” ဟု ဖော်ပြပါရှိသည်။
“မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါ လူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏများမရှိဘဲ သက်သာလျက်ရှိပါသည်။” ဟုလည်း ပါရှိသည်။
နောက်လူနာတစ်ဦးမှာ အင်္ဂလန်နိုင်ငံမှ မတ်လ ၂၂ ရက်နေ့က လေကြောင်းဖြင့် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံသားဖြစ်ကာ ထိုနေ့တွင်ပင် လှည်ကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု့ခြင်း လုပ်ဆောင်ခဲ့သည်။ ထို့နောက် ထိုနေ့ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု့ခြင်းကို ဆောင်ရွက်ခဲ့သည်။ သူ၏ ဓာတ်ခွဲနမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါးပိုးတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အဆိုပါ အမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏများမရှိ” ဟု ပါရှိသည်။
''အဆိုပါ အမျိုးသားနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု့သွားမည်။” ဟုလည်း ပါရှိသည်။