မတ် ၂၂။ ။ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်သည် မတ်လ ၂၁ ရက်တွင် ၁,၁၈၃ ခုသို့ ခုန်တက်လာခဲ့ပြီး သေဆုံးသူ ရှစ်ဦးအထိ ရှိနေပြီဟု သိရသည်။
တချိန်တည်းမှာပင် ကူးစက်မှုဖြစ်စဉ်အများစုနှင့် ပတ်သက်ဆက်နွယ်နေခဲ့သော ကြီးမားသည့် ဘာသာရေးစုဝေးပွဲအခမ်းအနားတစ်ခုတွင် ပါဝင်တက်ရောက်ခဲ့သူများကို တာဝန်ရှိသူများက လိုက်လံရှာဖွေနေလျက်ရှိနေချိန် လာမည့်အပတ်ထဲတွင် ကူးစက်မှုသစ် တွေ့ရှိမှု မြင့်တက်သွားနိုင်ဟု တာဝန်ရှိသူများက သတိပေးထားသည်။
မတ်လ ၂၁ ရက်တွင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူငါးဦး ထပ်မံသေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁၅၃ ဦး ထပ်တွေ့ခဲ့ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အသစ်တွေ့ရှိခဲ့သော ကူးစက်ခံရသူများအနက် ၉၀ ဦးသည် ပြီးခဲ့သည့် လကုန်ပိုင်းက ဗလီတစ်ခုတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုနှင့် ဆက်နွယ်ပတ်သက်နေသည်ဟု သိရသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံ နှစ်ဒါဇင်ကျော်မှ ပြည်သူများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
ကွာလာလမ်ပူမြို့အနီး လေးရက်ကြာ ပြုလုပ်သည့် အဆိုပါ ဘာသာရေးအခမ်းအနားသည် ယခုအခါ မလေးရှားတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဖြစ်စဉ် ၇၁၄ ခု နှင့် ဆက်နွယ်ပတ်သက်နေသည်ဟု သိရသည်။
မလေးရှားသည် အရှေ့တောင်အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် အများဆုံး နိုင်ငံဖြစ်သော်လည်း အင်ဒိုနီးရှားသည် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ အများဆုံး ရှိနေသည့် နိုင်ငံ ဖြစ်သည်။