မတ် ၂၀ ။ ။ ၂၀၂၀ တိုကျိုအိုလံပစ်မီးရှူးတိုင်ကိုသယ်ဆောင်လာတဲ့လေယာဉ်ဟာ ဂျပန်နိုင်ငံ မီယာဂီခရိုင်မှာရှိတဲ့ ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ မာဆုရှီမားအခြေစိုက်စခန်းဆီ မတ်လ ၂၀ ရက်နေ့မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ COVID -19 ဗိုင်းရပ်စ် ကပ်ရောဂါကြုံတွေ့နေရတာကြောင့် တိုကျိုအိုလံပစ်ပွဲတော်ကို ကျင်းပနိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်းရှိနေကြပြီး အိုလံပစ်မီးရှူးတိုင်ကြိုဆိုပွဲအခမ်းအနားကို အကျဉ်းချုံးကာ ကျင်းပခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အခြေအနေအမျိုးမျိုးအတွက် စဉ်းစားနေကြပါတယ်၊ ပွဲကျင်းပဖို့ လေးလခွဲလောက်လိုသေးတာကြောင့် တခြားအားကစားအဖွဲအစည်းတွေလို ပွဲဖျက်သိမ်းတာတွေ ရွှေ့ဆိုင်းတာတွေမလုပ်သေးပါဘူး၊ တာဝန်ရှိ သူတွေဆီက ညွှန်ကြားချက်တစ်စုံတစ်ရာမရရှိသေးလို့ ခုချိန်မှာ ဆုံးဖြတ်ချက်ချဖို့ စောလွန်းပါသေးတယ်” ဟုအပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘာ့ချ် ကပြောပါတယ်။
အိုလံပစ်မီးရှူးတိုင်ကြိုဆိုပွဲမှာ မူလက ကျောင်းသားအယောက် ၂၀၀ ကိုပါ အင်အားဖြည့်ပြီး ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကလေးတွေဘေးကင်းစေဖို့ ရည်ရွယ်ပြီး အကျဉ်းချုံးကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အိုလံပစ်ဂျူဒိုချန်ပီယံဟောင်းတွေဖြစ်ကြတဲ့ ဆာအိုရီရိုရှိဒါနဲ့ တာဒါဟီရိုနိုမူရာ တို့က တာဝန်ရှိသူတွေနဲ့ ဧည့်သည်တော်တွေရဲ့ရှေ့မှာ ပင်မမီးရှူးတိုင်ကို မီးထွန်းညှိပေးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံတစ်ဝှမ်း အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲကို မတ်လ ၂၆ ရက်နေ့မှာ ဖူကူရှီးမားရှိ J-Village အားကစားကွင်းကနေ စတင်မှာဖြစ်ပါတယ်။
မီးရှူးတိုင်သယ်ဆောင်ရာလမ်းတစ်လျှောက်မှာ အုပ်စုဖွဲ့ကြည့်ရှုမှုတွေနဲ့ အခမ်းအနားတွေကို မပြုလုပ်ကြဘဲ မီးရှူးတိုင်လက်ဆင့်ကမ်းပွဲကို အကျဉ်းချုံးကျင်းပပေးဖို့ ပွဲစီစဉ်သူတွေကို တိုက်တွန်းပြောဆိုထားကြပါတယ်။