ဖေဖော်ဝါရီ ၂၁။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယက ဖြစ်သူ ဦးတင်ဦးအား မကြာမှီကျရောက်မည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ပထမဆုံးအကြိမ်လာရောက်ကမ်းလှမ်းသွားကြောင်း ဦးတင်ဦး၏ အနီးကပ် စောင့်ရှောက်သူ ကိုမျိုးထံက သိရသည်။
မတ်လ (၂၇) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် ၇၅ ကြိမ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဖိတ် ကြားသည့် လူစာရင်းအတွင်းတွင် NLD နာယက ဦးတင်ဦး ပါဝင်နေသည့်အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် လာရောက်၍ ကမ်းလှမ်းသွားခြင်းဖြစ်ကြောင်း ကိုမျိုးက ပြောသည်။
‘’ လာပြောတဲ့သူတွေက အရပ်ဝတ်နဲ့ပဲလာတာပါ၊ G 1 တို့ ဘာတို့တော့ မဟုတ်ဘူးဗျ၊ အခုလို ဖိတ်တာ ဒါက ပထမဆုံးအကြိမ်ပဲဗျ၊ တပ်မတော်နေ့မှာ တက်ရောက်ဖို့ ဖိတ်ကြားမယ့်စာရင်းထဲမှာ ဘဘ ပါနေတဲ့အတွက် လာပြီး တော့ မေးတာပါ၊ ဘဘတက်မယ်ဆိုရင် လေယာဉ်နဲ့ခေါ်ပြီး အစအဆုံး တာဝန်ယူပေးမယ်ပေါ့၊ နောက် ဘဘနဲ့အတူ လိုက်မယ့်သူတွေအတွက်လည်း အစစအရာရာစီစဉ်ပေးမယ်ပြောတယ်၊ တက်ဖြစ်မတက်ဖြစ်ကတော့ ကျွန်တော်တို့ ဒီလကုန်လောက်မှပဲ ပြောနိုင်မယ် ‘’ ဟု ကိုမျိုးက ဆက်ပြောသည်။
၁၉၇၄မှ ၁၉၇၆ ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော NLD နာယက ဦးတင်ဦးအနေဖြင့် ဖိတ်ကြားခံရသည့် တပ်မတော်အခမ်းအနားသို့ ကျန်းမာရေးအခြေအနေအရ တက်ရောက်မည် မတက်ရောက်မည်အား ယခုအချိန်တွင် ပြောဆို၍ မရသေးကြောင်း သိရသည်။