ဖေဖော်ဝါရီ ၂၁။ ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယနဲ့နှစ်နိုင်ငံအကြား စီးပွားရေးတင်းမာမှုတွေရှိနေပေမယ့် ကုန်သွယ်ရေးကိစ္စ သဘောထားကွဲလွဲမှုတွေအပေါ် ပြေလည်မှုရရှိစေဖို့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၅ ရက်အနေ့အထိ အိန္ဒိယကိုသွားရောက်မှာဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်တွေပါ ဆွေးနွေးသွားဖို့ရှိပါတယ်။
ထရမ့်က “ကျွန်တော်တို့ အိန္ဒိယနဲ့ ကြီးမားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လုပ်သွားဖို့ရှိပါတယ်၊ ဒါပေမယ့် အဲဒါကို နောက်မှလုပ်မှာပါ၊ ရွေးကောက်ပွဲမတိုင်ခင် အပြီးသတ်နိုင်မလားဆိုတာတော့ မပြောနိုင်သေးပါဘူး” လို့ ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ထရမ့် သမ္မတတာဝန်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ၊ အမေရိကန်ရဲ့ Harley-Davidon မော်တော်ဆိုင်ကယ်တွေကို အိန္ဒိယက သွင်းကုန်အခွန် အဆမတန်ချ မှတ်ခဲ့ပြီး ပြန်လည်လျှော့ချပေးခဲ့ပေမယ့် ထရမ့်က မကျေနပ်နိုင်ဘဲ အကောက်ခွန်မဲ့ ရချင်ခဲ့တာဖြစ်ပါတယ်။
“အိန္ဒိယက အမေရိကန်ကို ကောင်းကောင်းမဆက်ဆံပေမယ့် ကျွန်တော်ကတော့ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီကို သဘောကျပါတယ်” လို့ ထရမ့်က ပြောပါတယ်။
အိန္ဒိယကလည်း သူတို့ရဲ့ စတီးနဲ့အလူမီနီယံပစ္စည်းများအပေါ် အခွန်စည်းကြပ်မှု ကင်းလွတ်ခွင့်ပေးဖို့၊ ကုန်သွယ်ခွန်ကင်းလွတ်ခွင့်အထူးအခွင့်အရေးကို ပြန်လည်ခွင့်ပြုဖို့ နဲ့ လယ်ယာထွက်ကုန်တွေကို ဈေးကွက်တင်ပို့နိုင် ခွင့်ရရေးတွေ တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ အမေရိကန်ဆီကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ Lockheed Martin ကုမ္ပဏီထုတ် စစ်ရဟတ်ယာဉ် ၂၄ စီးကို ဝယ်ဖို့သဘောတူညီထားပြီဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယမှာ F-21 တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကို ပူးပေါင်းထုတ်လုပ်သွားဖို့လည်း ဆွေးနွေးသွားဖို့ရှိပြီး ထရမ့်ဟာ အိန္ဒိယကို စစ်လက်နက်ပစ္စည်းတွေရောင်းချနိုင်ခြင်းအားဖြင့် သူ့ရဲ့အရေးပါမှုကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ O.P. Jindal Global University မှ တွဲဖက်ပါမောက္ခ Pankaj Jha ကပြောပါတယ်။
ထရမ့်ရဲ့ အိန္ဒိယနှစ်ရက်တာခရီးစဉ်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂူဂျာရက်ပြည်နယ် Ahmedabad မြို့တော်ကိုလည်း သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။