ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ လိုက်ပါလာသည့် ရဟတ်ယာဉ် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ စစ်တွေမှ ဘူးသီးတောင်သို့ အသွား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် လူ ထိခိုက်မှု မရှိခဲ့ဘဲ ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) ညနေ ၃ နာရီတွင် စစ်တွေသို့ ပြန်ရောက်ရှိနေပြီဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အပြန်မှာ အပစ်ခံရတယ် ပြောပါတယ်။ ရဟတ်ယာဉ်ရဲ့ ဝမ်းဗိုက် ကိုတော့ နှစ်ချက်ထိပါတယ်။ လက်နက်ငယ်ပါ” ဟု ၎င်းက ပြောသည်။
ဘူးသီးတောင်နှင့် ရသေ့တောင်အကြား ရဟတ်ယာဉ် ပျံသန်းနေစဉ် AA အဖွဲ့မှနေ၍ ရွာအတွင်းမှနေ၍ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် ရခိုင့်တပ်(AA)သို့ ဆက်သွယ်ရာ ကျောက်တော်နှင့် ပလက်ဝကြားရှိ နေရာတချို့တွင် တိုက်ပွဲများ ဖြစ်ပွား နေသော်လည်း ထိုသို့ ရဟတ်ယာဉ်အား ပစ်ခတ်သည့် သတင်း မကြားမိသေးဟု AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ အဲ့ကိစ္စတော့ ကျွန်တော် ဘာမှ မသိရသေးဘူးဗျ။ အဲ့လို သတင်း ရောက်လာတာ မရှိသေးဘူး။ ဒီနေ့ တိုက်ပွဲ သတင်း ကျွန်တော့်ဆီကို ရောက်လာတာ မရှိသေးဘူးဗျ” ဟု ၎င်းက ပြောသည်။
ယခု ပစ်ခတ်ခံရမှု ဖြစ်စဉ်သည် ဘူးသီးတောင်မြို့နယ်အတွင်းက တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာ ရသည့် အရပ် သားများကို သွားရောက် တွေ့ဆုံသော ခရီးစဉ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ရဟတ်ယာဉ် တိုက်ခိုက်ခံရသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ယခု ပစ်ခတ်ခံရမှုက ပထမဆုံးအကြိမ် ဖြစ် ကြောင်းသိရသည်။