ဖေဖော်ဝါရီ ၁၂။ ။ Sister Andre အမည်ရ ပြင်သစ် သီလရှင်ကြီးတစ်ဦးကတော့ ယခုအခါ အသက် ၁၁၆ နှစ် ရှိပြီဖြစ်ပြီး သူမဟာ လက်ရှိ ဥရောပမှာတော့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။
၁၉၀၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာ မွေးဖွားခဲ့တဲ့ သီလရှင်ကြီး Andre ဟာ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ သူမရဲ့ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
“ ကျွန်မ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ အလှပဆုံး ဆိုတဲ့ အဖြစ်အပျက်ကိစ္စတွေကိုလည်း တွေ့ခဲ့ရသလို အင်မတန် ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်အပျက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်၊ မှတ်မှတ်ရရအနေနဲ့ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ ကလေးတွေကို မြင်ခဲ့ဖူးပါတယ်၊ အဲဒီကလေးတွေကိုလည်း ကျွေးစရာ အစားအစာ ကျွန်မတို့မှာ မရှိခဲ့တဲ့ အခြေအနေမျိုးလည်း ရှိခဲ့ပါတယ်၊ ဒီလို ဝမ်းနည်းစရာ တွေအပြင် ပျော်စရာကောင်းတဲ့ ကိစ္စတွေလည်း ကြုံခဲ့ဖူးပြီးပါပြီ” လို့ ပြင်သစ် သီလရှင်ကြီးက ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် သူမမှာ မနက်တိုင်း ချောကလက် ပုံမှန် စားတတ်တဲ့ အလေ့အကျင့်တစ်ခုလည်း ရှိနေကြောင်း သီလရှင်ကြီး Andre က ဝန်ခံသွားခဲ့ပါတယ်။
Sister Andre ရဲ့ အသက် ၁၁၆ နှစ် ပြည့်မွေးနေ့ကိုတော့ ပြင်သစ်တောင်ပိုင်း ကမ်းရိုးတန်း Toulon မြို့မှာ ပြုလုပ်ခဲ့ပါတယ်။