ဇန်နဝါရီလ ၂၉ ။ ။ နိုင်ငံတကာ ကစားသမားများ နှင့် မြန်မာထိပ်တန်း လက်ဝှေ့ကစားသမားများ ပါဝင်ထိုးသတ်ယှဉ်ပြိုင်ကြမည့် ၂၀၂၀ ခုနှစ် ၏ WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ လက်ခံကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် သိမ်ဖြူလက်ဝှေ့အားကစားရုံကို အဆင့်မြှင့်တင်မှုများလုပ်ဆောင်လျက်ရှိပြီး မီး ၊ အဲကွန်း၊ ပွဲကြည့်စင်နှင့် သန့်စင်ခန်းများကို အဆင့်မြှင့်တင် ပြုပြင်လျက်ရှိသည်။
“ကုန်ကျစရိတ်အနေနဲ့က ပြောပလောက်အောင် မရှိပါဘူး။ အဓိက ပျက်နေတာလေးတွေ ပြင်ပေးတယ်။ သန့်ရှင်းရေးတွေ လုပ်ပေးတယ်။ မလုပ်ဘဲနဲ့ ပစ်ထားလို့သာ ပျက်နေတယ်။သန့်ရှင်းရေးတွေ အားနည်းနေတယ်။ ဘာမှမကုန်တာလေးကို လုပ်ဖြစ်သွားရင် အဆင်ပြေသွားတယ် အဲဒီသဘောမျိုးပါ “ ဟု World Lethwei Championships ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟ မဇ္ဈိမသတင်းဌာနသို့ပြောသည်။
ဓာတ်ပုံ - သူရ/မဇ္ဈိမ
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တစ်ခုတည်းသော လက်ဝှေ့အားကစားပြိုင်ပွဲများ ကျင်းပရာနေရာဖြစ်သည့် သိမ်ဖြူလက်ဝှေ့ရုံကို ပြင်ပမှ လက်ဝှေ့ပြိုင်ပွဲများ ကျင်းပရာတွင် အိမ်သာသန့်ရှင်းမှူအားနည်းခြင်း ၊ အဲကွန်းမအေးခြင်း ၊ မီးရောင်လုံလောက်စွာ မရရှိခြင်း စသည့် အခြေခံလိုအပ်ချက်များ ရှိနေကြောင့် ယခုလို့ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်။
“အဓိက ပြင်တဲ့အပိုင်းက ကျွန်တော်တို့ဘာသာပဲ အကုန်ကျခံပြီး ပြင်ပေးလိုက်တယ်။ မထူးတော့ဘူးလေ ပရိတ်သတ်တွေအတွက် ကျွန်တော်တို့ ကုန်ကျစရိတ်ပဲ အကုန်ခံပါတယ်။ တတ်နိုင်သမျှပါ ၊ လုံးဝအကောင်းကြီး ဖြစ်သွားအောင်တော့ လုပ်ရတာ ခဲယဉ်းပါတယ်။ ပရိတ်သတ်အတွက် အဆင်ပြေလောက်မယ် အခြေအနေတစ်ခုအထိ ရောက်အောင်တော့ ပြင်နေပါတယ် “ ဟု WLC မှ Vice Chairman ဖြစ်သူ ဒေါက်တာစိန်ဖြိုးလှိုင် က ပြောသည်။
ဓာတ်ပုံ - Zay Thiha facebook
၂၀၂၀ ခုနှစ် ၏ WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ပိုင်ရှင် တူးတူးနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့ တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်တွင် ချန်ပီယံခါးပတ်ကို အပြည့်အဝကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း တူးတူးကပြောသည်။
WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲ နှင့်ပတ်သက်ပြီး လက်ဝှေ့ထိုးသတ်ယှဉ်ပြိုင်ကြမည့် ကစားသမားများ မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ပြည်လမ်း ပြည်ဂါဒင်းကွန်ဒိုတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲ နိုင်ငံတကာ အားကစားလိုင်းများဖြစ်ကြသည့် UFC Fight Pass နှင့် ဒေသတွင်းမီဒီယာများ တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။