ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် ။ ။ ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာရောဂါ ဌာနအတွက် ကင်ဆာဆေးဝါးများကို ကျန်းမာရေးဝန်ကြီးဌာနက ခြောက်လတစ်ခါ သိန်း ၂၀၀၀ နှင့် ၃၀၀၀ကြား ပုံမှန်ထောက်ပံ့ပေးနေသော်လည်း ဆေးဝါးလိုအပ်ချက်တွေ ရှိနေသေးသည်ဟု ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာရောဂါဌာနမှ ပါမောက္ခ ဒေါက်တာ အေးအေးခိုင်က ပြောသည်။
“ ၈၀ရာခိုင်နှုန်းလောက်ကတော့ လောက်ငှမှုရှိတယ် ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ပြင်ပကလာလှုတဲ့ အလှုရှင်တွေ၊ ပြည်ပအဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့ပဲ ရပ်တည်နေရတာပေါ့”ဟု ဒေါက်တာ အေးအေးခိုင်က ဆိုသည်။
သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်တွင် လတ်တလော တက်ရောက်ကုသနေတဲ့ ကလေးအများစုသည် သွေးကင်ဆာ၊ အဖုအကျိတ်ကင်ဆာ၊ မျက်စိကင်ဆာ၊ ဦးနှောက်ကင်ဆာရောဂါကြောင့် လာရောက်ကုသမှုခံယူကြခြင်းဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ အေးအေးခိုင်က ဆိုသည်။
အဆိုပါ ကင်ဆာရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသနေသော ကလေးလူနာ(၁၀၀)ခန့်ရှိပြီး ရက်ချိန်းနှင့် လာရောက်ကုသသည့် ကလေးလူနာ(၁၀၀) ဝန်းကျင်လည်း ရှိနေကြောင်း သိရပါသည်။
“လူမှုရေးပိုင်းတွေမှာ မကူညီနိုင်သေးဘူး။ တချို့ဆိုရင် စီးပွားရှာနေတာကို ဖျက်ပြီး လာကုရတယ်၊ ပိုက်ဆံတွေချေးပြီး လာကုရတယ်။ တစ်နေ့တစ်နေ့ အတိုးတွေတက်တယ်။ အဲဒီအခါကျတော့ ကုသရေးပိုင်းတွေမှာ ကလေးရဲ့ ကောင်းနိုင်ချေကိုကြည့်ပြီး နောက်ပိုင်းပြသာနာတွေမဖြစ်အောင် ကုသပေးရတယ်”ဟု ဒေါက်တာ အေးအေးခိုင်က ဆိုသည်။
ရန်ကုန်ကလေးဆေးရုံကြီးက ကင်ဆာရောဂါခံစားနေရသည့် ကလေးငယ်များကို ရောဂါရှာဖွေရေး အပိုင်းကလွဲ၍ ဆေးဝါး နှင့် ဆေးကုသရေးအတွက် လူနာရှင်များဘက်မှ ကုန်ကျမှုမရှိဘဲ ရောဂါပျောက်ကင်းသည်အထိ အခမဲ့ ဆေးကုသပေးနေသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးသော်လည်း ကင်ဆာဌာန၏ ဆေးဝါးလိုအပ်ချက်များအတွက် အလှုရှင်များ လိုအပ်နေသေးသည်ဟု ရန်ကုန်ကလေးဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ အောင်ထွန်းဦးက ပြောသည်။
“နိုင်ငံတော်ကလည်း ထောက်ပံ့ပေးတယ်။ ဒါပေမယ့် အပြည့်အဝတော့မရဘူး။ ဒီဟာက နာတာရှည်ဖြစ်တဲ့ အတွက် ကြာလာတဲ့အခါ ကလေးမိဘတွေက ဆေးဝါးအတွက် ပင်ပန်းလာကြတယ်။ အဲဒီအခါကျ အလှုငွေတွေထဲကပဲ ရပ်တည်ရတယ်”ဟု ဆေးရုံအုပ် ဒေါက်တာ အောင်ထွန်းဦးက ဆိုသည်။
ရန်ကုန်ကလေးဆေးရုံကြီးရှိ သွေးရောဂါနှင့် ကင်ဆာရောဂါဌာနကို (၂၀၁၀) ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်း ကင်ဆာရောဂါ ခံစားနေရသည့် ကလေးလူနာဦးရေ ၃၀၀အထိ တိုးလာခဲ့ကြောင်း သိရသည်။