ကိယက်ဗ်၊ ဒီဇင်ဘာ ၃၀။ ။ ယူကရိန်းနှင့် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်များသည် ဒီဇင်ဘာ ၂၉ ရက်က ယူကရိန်းအရှေ့ပိုင်း ဒန်းတက်စ်မြို့ မာယောစကီး စစ်ဆေးရေးဂိတ်၌ အကျဉ်းသား ၂၀၀ လှဲလှယ်မှု ပြုလုပ်ခဲ့သည်။
ယူကရိန်းဘက်မှ တပ်မတော်သား ၁၂ ဦး၊ အရပ်သား ၆၄ ဦး စုစုပေါင်း အကျဉ်းသား ၇၆ ဦးကိုလက်ခံရရှိခဲ့ပြီး ခွဲထွက်အဖွဲ့မှလည်း ၎င်းတို့အကျဉ်းသား ၁၂၄ ဦးကို လွှဲပြောင်းယူနိုင်ခဲ့သည်။
လဲလှယ်ခဲ့သည့် အကျဉ်းသားများထဲတွင် တိုက်ခိုက်ရေးသမားများ၊ အရပ်သားများ၊ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ဆန္ဒပြသူများကို သတ်ခဲ့သည်ဟု သံသယရှိသူ ခွဲထွက်အဖွဲ့မှ ရဲ ၅ ဦးနှင့် ယူကရိန်းအသံလွှင့်ဌာနများအတွက် တာဝန်ထမ်းဆောင်နေသည့် ဂျာနယ်လစ် ၂ ဦးတို့လည်းပါဝင်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗော်လိုဒီမာဇီလန်စကီးတို့ ဒီဇင်ဘာ ၉ ရက်က ပြင်သစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ၌ တွေ့ဆုံမှုအပြီး အဆိုပါ အကျဉ်းသားလဲလှယ်မှုသဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။
ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်လ်၊ ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုကဲ့သို့ အကျဉ်းသားလဲလှယ်မှုသည် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ဂုဏ်ပြုစကားဆိုခဲ့ကြသည်။