Mytel မှ ဝန်ထမ်းနှစ်ဦး ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွား

Mytel မှ ဝန်ထမ်းနှစ်ဦး ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇။            ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာ ညွန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ ကျောက်တော်မြို့အနီးမှာ ပျောက်ဆုံးသွားကြောင်း သိရ သည်။

အဆိုပါ ပျောက်ဆုံးနေသူ ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ရန် ကွင်းဆင်း ဆောင်ရွက် စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်း ကျောက်တော်မြို့ အနီးသို့ရောက်ရှိသွားစဉ် ဆက်သွယ်မှု မရရှိတော့ဘဲ ပျောက်ဆုံး လျက်ရှိကြောင်း သိရှိရသည်။

Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက “ ကျွန်တော်တို့ အဲကိစ္စကို စုံစမ်းနေပါတယ်။ အတိအကျ သိရအောင်ပေါ့လေ။ ဒီနေ့အတွင်း ထုတ်ပြန်ချက် ထုတ်ပေးပါ့မယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ဦးဇော်ထွန်းအောင်နှင့် ဦးစောသိန်းမောင်တို့သည် စစ်တွေမြို့မှ ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲ မြို့၊ မင်းပြားမြို့များသို့ သွားရောက်ကာ ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သို့ ဆက်လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးသွား ခဲ့ခြင်းဖြစ်ကာ ဒေသခံများ၏ ပြောကြားချက်အရ ၎င်းတို့ ၂ ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေး ရွာအနီး၌ AA အဖွဲ့မှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး AA မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးနှင့် အရာရှိနှစ်ဦးတို့ကိုလည်း AA ဘက်မှ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ သေး ကြောင်း သိရသည်။

အလားတူ ရခိုင်တပ်(AA) အနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်  မောင်တောမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဦးရဲသိန်းတို့ကိုလည်း ဖမ်းဆီးထားရာ ဒီဇင်ဘာ ၂၅ ရက်က တပ် မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးထိ၍ သေဆုံးခဲ့ကြောင်း AA ဘက်က ထုတ်ပြန်ခဲ့သည်။

တပ်မတော်ဘက်ကလည်း မိမိတို့ကြောင့်မဟုတ်ဘဲ AA ၏ နိမ့်စက်မှုကြောင့်သာ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုထား သည်။

တပ်မတော်နှင့် AA ကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုတိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၁၀၀ နီးပါး အထိ ရှိလာပြီး စစ်ဘေးရှောင် ၁ သိန်းကျော်လာပြီးဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး(REC)ထံမှ သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly