ဆရာ/ ဆရာမများ နိုင်ငံနှင့်ပြည်သူအပေါ် ပေးဆပ်ချင်စိတ် ပြည့်ဝစေလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဆရာ/ ဆရာမများ နိုင်ငံနှင့်ပြည်သူအပေါ် ပေးဆပ်ချင်စိတ် ပြည့်ဝစေလိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇။            ။ ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအနေဖြင့် နိုင်ငံနှင့်ပြည်သူအပေါ် ပေးဆပ်ချင် စိတ်ပြည့်ဝစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“မင်းဓမ္မပညာရိပ်သာ၊ ဆရာများ အိမ်ရာ၊ လှိုင်ပညာ့ရိပ်သာ ဝန်ထမ်းအိမ်ရာနှင့် သိပ္ပံပစ္စည်းစက်ရုံသစ် ဖွင့်ပွဲ” အခမ်းအနား ကို ဒီဇင်ဘာ ၂၆ ရက် ကျင်းပခဲ့သော အခမ်းအနားမှာ မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မ ဒီနေ့ တစ်ခုတော့ စိတ်ပူသွားတယ်။ တော်ကြာ အားလုံးက ရန်ကုန်မှာပဲ နေချင်ဦးမယ်။ အဲဒါတော့ မဖြစ်ဘူး နော်။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ ဆရာ/ဆရာမတွေ ဝန်ထမ်း ကောင်းတွေ လိုနေပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဝန်ထမ်းကောင်းတွေ၊ ဆရာ/ဆရာမတွေရဲ့ နှလုံးသားထဲမှာ စွန့်စား ချင်တဲ့ စိတ်ဓာတ် ပေးဆပ်ချင်တဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝစေချင်တယ်” ဟု ပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာကို ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Myanmar Imperial Vega ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တကယ်တော့ နယ်က ပြည်သူ ပြည်သားများဟာ ဆရာ/ဆရာမ များကို အင်မတန်မှ လေးစားပါတယ်။ ချစ်ခင်ပါတယ်။ အဲဒီမှာနေပြီး အဲဒီက ပြည်သူတွေရဲ့ လေးစားချစ် ခင်မှုကို ခံစားပြီး လို့ရှိရင် ဒီဟာတွေနဲ့ ဘယ်အတိုင်းအတာနဲ့မှ ယှဉ်လို့ မရဘူး ဆိုတာကိုတော့ နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် ဝန်ထမ်းအိမ်ရာများကို နိုင်ငံအနှံ့တွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းကာ ဆက်လက် ဖော်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက အသိပေး ပြောခဲ့သည်။

အဆိုပါ ပညာရေး ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲတွင် စုစုပေါင်း အိမ်ခန်းပေါင်း ၁၁၀၄  ခန်း ပါဝင်ပြီး ၁၂၀၀  စတုရန်းပေ၊ ၈၀၀ စတုရန်းပေ အသီးသီး အကျယ်ရှိကြသည့် ၁၂ ထပ်တိုက် ကိုးလုံး၊ ရှစ်ထပ်တိုက် နှစ်လုံးကို အစိုးရမှ လွှဲပြောင်း လက်ခံခဲ့ ခြင်း ဖြစ်သည်။

ထိုအိမ်ရာတွင် ကားပါကင်၊ ရေကူးကန်အပြင် အားကစားခန်းမနှင့် ဈေး အဆောက်အအုံ နှစ်လုံးလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ  ၁၂၈၆ ခန်း  ပါဝင်သော နောက်ထပ် ရှစ်ထပ် အဆောက်အအုံ လေးလုံး၊ ၁၂ ထပ် အဆောက်အအုံ ၁၁ လုံး တို့ကိုလည်း ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အစိုးရထံ ထပ်မံ အပ်နှံနိုင်ရေး ကြိုးစားပေးရန်လည်း နိုင်ငံတော်အတိုင်ပင်ခံက တိုက်တွန်း ခဲ့သည်။

မင်းဓမ္မ ဥယျာဉ်မြို့တော်စီမံကိန်း အပိုင်း(၃)တွင် တည်ရှိသည့် အဆိုပါ အိမ်ရာဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့သည်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly