မဲဆန္ဒနယ်ပြင်ပသို့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ရောက်ရှိနေသူ ၁၀ သိန်းကျော်သည်ဟုထုတ်ပြန်

မဲဆန္ဒနယ်ပြင်ပသို့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ရောက်ရှိနေသူ ၁၀ သိန်းကျော်သည်ဟုထုတ်ပြန်

အောက်တိုဘာ ၂၄ ရက် ။          ။ အမြဲတန်းနေရပ်သို့ သွားရောက်မဲပေးလိုခြင်းမရှိဘဲ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးနိုင်ခွင့်အတွက် လျှောက်ထားသူ နိုင်ငံတစ်ဝန်းလုံးတွင် စုစုပေါင်း ၁၀,၃၁,၅၅၉ ဦး ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

၎င်းတို့သည် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင်များဖြစ်ပြီး ရွေးကောက်ပွဲနည်းဥပဒေ ၁၀ အရ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များသို့  ပုံစံ (၃-က) ဖြင့် လျှောက်ထားကြရသည်။

၎င်းတို့ထဲမှ ဝန်ထမ်းများသည် သက်ဆိုင်ရာ နယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်၊ အလုပ်သမားဖြစ်ပါက လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်၊ "အခြားပုဂ္ဂိုလ်" ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက် ကိုလည်းကောင်း အသီးသီးဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်းတွင် အမည်ပါ နိုင်ရေးအတွက် မဲပေးရမည့်နေ့မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျဘဲ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) ဖြင့် လျှောက်ကြရမည်ဟု ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသည့် နိုင်ငံတစ်ဝန်းမှ မဲဆန္ဒရှင် ၁၀ သိန်း ၃ သောင်းကျော်တွင် ရန်ကုန်တိုင်းတွင် ၆ သိန်း ၄ ထောင်ကျော်၊ မန္တလေးတိုင်းတွင် တစ်သိန်း နှစ်သောင်းကျော်၊ ကချင်ပြည်နယ်တွင် ၇ သောင်း ၂ ထောင်ခန့်၊ ရှမ်းပြည်နယ်တွင် ၅ သောင်း ၈ ထောင်ကျော်၊ ပြည်ထောင်စု နယ်မြေတွင် ၄ သောင်း ၅ ထောင်ကျော်တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly