ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ဆိုင်ထားသည့် အားကစား ၁၈ ဦးရှိသည်။ ထိုအထဲတွင် အမျိုးသားဦးရေက ၁၅ ဦးအထိရှိပြီး အမျိုးသမီးအရေအတွက်က ၃ ဦးသာပါဝင်သည်။ အမျိုးသမီး ကမ္ဘာ့ချန် ပီယံစာရင်းတွင် ပါဝင်နေသူတစ်ဦးက စင်ကာပူအားကစားသမား “Unstoppable” Angela Lee ဖြစ်ပြီး ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံအဖြစ် ခန့်ခန့်ညားညား ရပ်တည်လျက်ရှိသည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမျိုးရိုးမှ ဆင်းသက်လာသော ၎င်းသည် အ သက် ၁၈ နှစ်အရွယ်ကတည်းက အပျော်တမ်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိတွင် ၂၃ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကြိုးဝိုင်းအမည်နှင့်လိုက်ဖက်စွာ ပြိုင်ဘက်ကို တရစပ် မရပ်မနားတိုက်စစ်ဆင် ထိုးသတ်လေ့ရှိသော Angela Lee သည် ၂၀၁၅ တွင် ပ ရော်ဖက်ရှင်နယ်လောကသို့ ကူးပြောင်းလာခဲ့ပြီး ONE နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၅ ပွဲဆက်တိုက် အနိုင်ရပြီးနောက် ONE က အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် ၎င်းနှင့် ဂျပန်ဝါရင့်အားကစားသမား Mei “V.V” Yamaguchi နှင့် ပွဲတည်ပေးခဲ့ သည်။ အဆိုပါတွဲဆိုင်းတွင် အသက် ၂၀ အရွယ် Angela Lee က ၎င်းထက် ၁၃ နှစ်ကြီးသော DEEP Jewels ကမ္ဘာ့ချန်ပီယံ Yamaguchi ကို အသာစီးထိုးသတ်ကာ ပထမဆုံးသော ONE အက်တမ်ဝိတ်တန်း အမျိုးသမီး ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည်။ ချန်ပီယံဖြစ်လာပြီးနောက်ပိုင်း သရဖူကာကွယ်ပွဲ ၃ ပွဲစလုံး အနိုင်ရပြီးနောက် Angela Lee သည် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအိပ်မက်ကို စတင်ဖော်ဆောင်ခဲ့သည်။
အိပ်မက်ဆိုသည်က လူတိုင်းမက်ခွင့်ရှိသည့်အရာဖြစ်ေသာ်လည်း လက်တွေ့အကောင်အထည် မပေါ်လာပါက ခံနိုင်ရည်ရှိရန် လိုအပ် သည်။ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအိပ်မက်အတွက် Angela Lee သည် စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan နှင့် ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲက ၎င်း၏ဘဝကို လှုပ်ခတ်သွားစေနိုင်သည်ဆိုသည်ကို Angela Lee မတွက်ဆမိခဲ့။ ထိုပွဲတွင် နောက်ဆုံအချီ၌ Xiong Jing Nan ၏ ကန်ချက်နှင့် လက်သီးထိုးချက်များက သက်လုံကျလာသော ၎င်းကို ပြိုလဲလုမတတ်ဖြစ်စေခဲ့သောကြောင့် ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ တရုတ်အားကစားသမားကို အနိုင်ပေးခဲ့သည်။ အပျော်တမ်းဘဝ တွင်ရော၊ ပရော်ဖက်ရှင်နယ်ဘဝတွင်ပါ ပွဲတိုင်းအနိုင်ရထားသော Unstoppable အတွက် The Panda နှင့်ပွဲက ပထမဆုံးအကြိမ် ရှုံးနိမ့် မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
အားကစားသမားတစ်ယောက်အတွက် ရှုံးပွဲဆိုသည်က အချိန်မရွေး ကြုံတွေ့နိုင်သော်လည်း ပွဲတိုင်းအနိုင်ရထားသော ၎င်းအတွက်မူ ကြီး ကြီးမားမား ရိုက်ခတ်မှုရှိခဲ့သည်ဟု Angela Lee က ဝန်ခံသည်။ ကစားသမားဘဝ ပထမဆုံးသောရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီးနောက် ၃ လ ကျော်အကြာတွင် United MMA နှင့် Evolve MMA အသင်းသား ၎င်းသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ်အဖြစ် ဘရာဇီးလ် အားကစားသမား Michelle Nicolini နှင့် ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုအိပ်မက် ပျက်စီးခဲ့ရသလို ပထမဆုံးသော ရှုံးပွဲကိုပါ ကြုံတွေ့ခဲ့ရသော ၎င်းအတွက် Nicolini နှင့်ပွဲက အရေးပါခဲ့သလို နိုင်ပွဲပြန်လည်ရှာဖွေနိုင်ရန်လည်း အရေးကြီးသည်။ သို့သော် ထိုတွဲ ဆိုင်းတွင်လည်း စွမ်းဆောင်ရည်ကောင်း မပြသနိုင်သောကြောင့် အမှတ်ပေးဒိုင် ၃ ဦးစလုံးက ဘရာဇီးလ်အားကစားသမားကို အနိုင်ပေးခဲ့ သည်။ ပထမဆုံး ရှုံးပွဲကြုံခဲ့ပြီးနောက် အနိုင်ရရန်လိုအပ်သည့် ဒုတိယပွဲတွင်ပါ ထပ်မံရှုံးနိမ့်ခဲ့သောကြောင့် စိတ်ဓာတ်ကျဆင်းကာ စိတ်ကျ ဝေဒနာကိုပါ ခံစားခဲ့ရကြောင်း Angela Lee က ဝန်ခံသည်။
“ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာဟာ ကျွန်မရဲ့ဘဝကို ကြီးကြီးမားမား သက်ရောက်ခဲ့တာ အမှန်ပါပဲ။ စိတ်မကောင်းဖြစ်မိသလို စိတ်ဓာတ် တွေလည်း ကျဆင်းခဲ့တယ်။ ဇူလိုင်လမှာ Nicolini နဲ့ ထိုးတော့လည်း ထပ်ရှုံးတယ်။ အမှန်တကယ်ဆိုရင် အဲဒီပွဲကို တကယ် မထိုးချင်ပါ ဘူး။ အားကစားသမားတစ်ယောက်အနေနဲ့ ဘယ်ပြိုင်ဘက်နဲ့ပဲ ထိုးရပါစေ ကျွန်မ မကြောက်ပါဘူး။ ဒါပေမဲ့ ကျွန်မ ကြောက်တာတစ်ခုက တော့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ မထိုးသတ်နိုင်မှာကိုပဲ ကြောက်တာပါ။ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံး ၂ ပွဲမှာပဲ ရှုံးပွဲဆက်တိုက် ကြုံ ခဲ့ရတော့ တော်တော် ခံစားရပါတယ်” ဟု ၎င်းက ရင်ဖွင့်သည်။
ပရော်ဖက်ရှင်နယ်အားကစားသမားအြဖစ် ရပ်တည်ခဲ့ပြီး ၄ နှစ်တာအတွင်း ရှုံးပွဲလုံးဝမရှိဘဲ ၉ ပွဲဆက်အနိုင်ရထားသော ၎င်းအတွက် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခြင်းဆိုသော မှတ်တမ်းဆိုးက ကြီးကြီးမားမား ရိုက်ခတ်ခဲ့ သည်။ စိတ်ဓာတ်ကျဆင်းမှုများရှိခဲ့သော်လည်း ခင်ပွန်းသည်နှင့် မိသားစုဝင်များ၏ အားပေးနှစ်သိမ့်မှုဖြင့် အပြင်းအထန်လေ့ကျင့်ကာ နိုင် ပွဲပြန်လည်ရှာဖွေနိုင်ရန် ကြိုးစားခဲ့သည်။
ONE ကလည်း ၎င်းတို့၏ ကမ္ဘာ့ချန်ပီယံတွဲဆိုင်းကို ကမ္ဘာတစ်လွှားမှပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်ကို သိရှိထား သောကြောင့် မကြေပွဲ ပြန်လည်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ပြုလုပ် သည့် ONE:CENTURY PART-1 ပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး၏တွဲဆိုင်းကို အဓိကခေါင်တွဲဆိုင်းနေရာတွင်ထားရှိပေးခဲ့သည်။ ယခုတစ် ကြိမ်တွင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး Angela Lee ၏ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို Xiong Jing Nan က စိန်ခေါ်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၂ ပွဲဆက်ရှုံးထားသော ၎င်းအတွက် ယခုပြိုင်ပွဲက အလွန်အရေးပါခဲ့ပြီး ရှုံးနိမ့်ခဲ့ပါက ၃ ပွဲဆက် ရှုံးနိမ့်မှု အဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သလို ချန်ပီယံခါးပတ်ကိုလည်း လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည်။ ၃ ပွဲဆက်ရှုံးသော အားကစားသမား တစ်ယောက်အတွက် အနာဂတ်တက်လမ်းက ပိတ်ဆို့သွားနိုင်သလို ပရိသတ်များ၏ ယုံကြည်မှုကလည်း အနိမ့်ဆုံးအနေအထားသို့ ကျ ဆင်းသွားနိုင်သည်။ ထို့ကြောင့် အကောင်းဆုံးပြင်ဆင်ခဲ့သည်။
“ခံစားနေရတာတွေ၊ ငိုနေတာတွေကို ရပ်ပြီး ငါ ပိုရင့်ကျက်လာပြီဆိုတဲ့အတွေးကို တွေးတယ်။ တိုးတက်မှုတွေရရှိပြီး ပိုကောင်းတဲ့လူသား တစ်ယောက် ဖြစ်လာရမယ်လို့ တွေးတယ်။ ဒါကြောင့် လေ့ကျင့်ရေးခန်းမကိုသွားပြီး ဆရာတွေနဲ့ လေ့ကျင့်တယ်။ အရင်ကနဲ့မတူဘဲ ပြင်း ပြင်းထန်ထန်ကို လေ့ကျင့်ခဲ့တယ်။ ငါ့ရဲ့ကစားသမားဘဝကို အသစ်ကနေ ပြန်စရမယ်လို့ ခံယူလိုက်တယ်။ အောင်မြင်မှု ဆာလောင်တဲ့ စိတ်နဲ့ ထိုးသတ်ဖို့၊ လေ့ကျင့်ရေးမှာလည်း အောင်မြင်လိုတဲ့စိတ်နဲ့ အမြဲလေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု ယုံကြည်မှုပြန်လည်ရရှိလာရေး ကြိုးစားတည်ဆောက်ခဲ့ရပုံကို ရှင်းပြသည်။ အဖက်ဖက်မှ အကောင်းဆုံးကြိုးစားခဲ့ခြင်းကြောင့်လည်း မကြေပွဲတွင် ပြိုင်ဘက် Xiong Jing Nan ကို အနောက်ဖက် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူကာ ဝေဖန်နေမှုများအား တုံ့ပြန်နိုင်ခဲ့သည်။ ထိုပြိုင်ပွဲမှာ ၄ နှစ်တာအတွင်း ၉ ပွဲ ဆက်အနိုင်ရထားသော Xiong Jing Nan အတွက် ပထမဆုံးသော ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ အမျိုးသမီး အားကစားသမားများအနက် ထိပ်တန်းကစားသမားများဖြစ်သောကြောင့် တတိယအကြိမ် မကြေပွဲဖြစ်ပေါ်လာစေရန် အလိုရှိနေသူ အများအပြားရှိသည်။
“လာမယ့် ၂၀၂၀ နှစ်သစ်အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အက်တမ်ဝိတ်တန်းမှာ အလုပ်များတော့မယ် ဆိုတာ ကျွန်မ သိတယ်။ ကစားသမားအသစ်တွေ ရောက်လာသလို ကျွန်မကို စိန်ခေါ်နိုင်မယ့် ကစားသမားအသစ်တွေလည်း အများကြီး ပဲ။ Xiong Jing Nan နဲ့ တတိယအကြိမ် တွေ့ဆုံမှုက ဖြစ်လာလိမ့်မယ်။ ဒီထက်ပိုမပြောနိုင်ပေမယ့် ၂၀၂၀ မှာ အဲဒီပွဲက သေချာပေါက် ဖြစ်လာလိမ့်မယ်။ ကျွန်မရဲ့အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ချင်သလို စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လည်း လိုချင်ပါတယ်” ဟု Angela Lee က ကြုံးဝါးသည်။
ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/