မော်စကို၊ ဒီဇင်ဘာ ၃။ ။ နှစ်နိုင်ငံကြား ဆက်သွယ်သည့် ပထမဆုံး ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းသည့် စီမံကိန်းကြီးကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်သည်။
Power of Siberia ဆိုသည့် ယင်းဧရာမ ဓာတ်ငွေ့ပိုက်လိုင်းကြီး သွယ်တန်းရေးကို ကမ္ဘာ့ဓာတ်ငွေ့ တင်ပို့မှု အများဆုံး ရုရှားနှင့် တင်သွင်းမှု အများဆုံး တရုတ်နိုင်ငံတို့အကြား နှစ်တာရှည် ဆွေးနွေးမှုများနှင့် ခက်ခဲသည့် အခြေအနေများတွင် လုပ်ကိုင်ဖော်ဆောင်မှုများဖြင့် ယခုတွင် ပထမဆုံး ဓာတ်ငွေ့ပို့လွှတ်မှုကို စတင်ခြင်း ဖြစ်သည်။
“ဒီကနေ့ဟာ တကယ့် အထိမ်းအမှတ်နေ့ပါပဲ။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်အတွက် သမိုင်းမှတ်တိုင်တစ်ရပ်တင် မကဘဲ ရုရှားနဲ့ တရုတ်အတွက် ပထမဆုံး မှတ်တိုင်တစ်ရပ်လည်း ဖြစ်ပါတယ်။”ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ရုပ်သံမှ မိန့်ခွန်းပြောဆိုမှုတွင် ပူတင်က ပြောသည်။
သမ္မတ ရှီကျင့်ဖျင်ကလည်း “နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးစီးပွားကို ဖော်ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။”ဟု ပြောဆိုသည်။
အဆိုပါ စီမံကိန်းကြီးကို ဖော်ဆောင်ရသည့် ရုရှား Gazprom ကုမ္ပဏီအကြီးအကဲ အလက်ဇိုင်းမီလာက ကြီးမားသည့် ယခု ပိုက်လိုင်းကြီးကို လုပ်သားအင်အား ၁၀၀၀၀ ဝန်းကျင်ဖြင့် ဖော်ဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။ အဆိုပါ ဖွင့်ပွဲတွင် တရုတ်သို့ နယ်စပ်ကို ဖြတ်ပြီး ဓာတ်ငွေ့ပို့ရန် ခလုတ်ကို ဖွင့်ရန် အလုပ်သမားများအား အလက်ဇိုင်းမီလာက အမိန့်ပေးညွှန်ကြားနေသည်ကို မြင်တွေ့ရသည်။
နယ်စပ်တစ်လျှောက် ဆိုက်ဘေးရီးယားမှ ဘလာဒိဗက်ရှန်စကီကို ဖြတ်လျက် တရုတ်သို့ သွယ်တန်းသည့် အဆိုပါ မိုင်ပေါင်း ၁၈၅၀ ရှိ ဓာတ်ငွေ့ပိုက်လိုင်းကြီးကို ဆယ်စုနှစ် တစ်ခုမက ညှိနှိုင်း ဆွေးနွေးပြီးနောက် ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ရေး သဘောတူညီချက် ရခဲ့ခြင်း ဖြစ်သည်။
ရုရှားနှင့် တရုတ်အကြား နှစ် သုံးဆယ်စာ ကန်ထရိုက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ရှိ ယခုစီမံကိန်းကြီးသည် Gazprom အတွက် အကြီးဆုံး ကန်ထရိုက်လည်း ဖြစ်သည်။
၂၀၂၅ ခုနှစ်၌ ယခု ပိုက်လိုင်းကြီး အပြည့်အဝ လည်ပတ်ပါက ကုမ္ပဏီအနေဖြင့် တရုတ်သို့ နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ ၃၈ ဘီလီယံ တင်ပို့သွားရမည် ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/