မြန်မြန်စားရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

မြန်မြန်စားရင် ပိုဝမယ်နော်၊ အရှိန်လျှော့ပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဝမှာစိုးနေလား၊ ဝနေတာ ထိန်းလို့မရတော့မှာ စိုးရိမ်နေလား။ သူများလို အလွန်အကြူးမစားဘဲလည်း ဝလာတာ စိတ်ညစ်နေရလား။ ဘာကြောင့်လဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါ။

စားတဲ့ပမာဏချင်းတူရင်တောင် အစားကိုမြန်မြန်စားလေ့ရှိသူတွေဟာ ဖြည်းဖြည်းချင်းစားတတ်သူ တွေထက် ပိုဝလာနိုင်(BMI ပိုများလာနိုင်)ပါတယ်။ ဖြည်းဖြည်းချင်းစားတတ်သူတွေက ဗိုက်ပြည့်ကြောင်း မြန်မြန်ခံစားမိပြီး စားမိတဲ့ပမာဏပိုနည်းသွားနိုင်လို့ပါ။

အကြောင်းရင်းက ကိုယ့်ရဲ့အစာခြေစနစ်က ဦးနှောက်ဆီကို သတင်းပေးပို့ရာမှာ ကြာတဲ့အချိန်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိနစ် ၂၀ လောက်ကြာတယ်လို့ဆိုကြပေမယ့် သုတေသနတစ်ခုကတော့ ဒီအချိန်ကာလကို မိနစ် ၃၀ အထိ နှေးအောင်လုပ်နိုင်မယ်ဆိုရင် အကျိုးရလဒ်ကောင်းမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဆိုရင် အစာစားချိန်က အရင်ကထက်တော့ ပိုကြာရမှာဖြစ်ပါတယ်။ အစာကိုကြေညက်အောင် ဖြည်းဖြည်းဝါးစားသင့်တယ်လို့ လက်ဆင့်ကမ်းလာခဲ့တဲ့ အမူအကျင့်လေးက အစာမကြေခြင်းကို ကာကွယ်ပေးနေသလို ဒီအကြောင်းရင်းကြောင့်လည်းပါပါတယ်။
ဘယ်လိုဖြေရှင်းရမလဲ

    ကိုယ့်ရဲ့ဘက်မသန်တဲ့လက်တစ်ဖက်နဲ့ အစားစားတာကလည်း အမြန်မစားမိအောင် ကြိုးစားရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်၊ ဥပမာ ကိုယ်က ညာသန်ဆို ဘယ်လက်နဲ့ဇွန်းကိုင်စားတာမျိုး။
    အကောင်းဆုံးနည်းကတော့ ဇွန်းခက်ရင်းနဲ့ စမတ်ကျကျ စားကြည့်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန်ဝါးစားမယ်ဆို ကိုယ်အလေးချိန်ထိန်းဖို့အတွက်တင်မကဘဲ အစာခြေစနစ်အတွက်ပါ အကျိုးရှိပါတယ်။
    ပန်းကန်အကြီးကြီးတွေမသုံးဘဲ အရွယ်အစားနည်းနည်းပိုသေးတဲ့ ပန်းကန်မှာထည့်စားတာက ကိုယ်စားနေတဲ့ပမာဏကို များတယ်ထင်ပြီး ဗိုက်ပြည့်လွယ်စေဖို့ လှည့်စားမှုတစ်ခုပါ။ ပန်းကန်ကြီးကြီးနဲ့သာဆို ငါ့ပန်းကန်ထဲမှာ နည်းနည်းလေးပဲ လို့ထင်မိစရာရှိပါတယ်။ ဒါဆို ပိုစားမိပါလေရော။
    အစားစားတဲ့အချိန်မှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ စတာတွေကို အာရုံစိုက်မနေပါနဲ့။ ပြောရရင် တီဗီရှေ့ထမင်းမစားပါနဲ့၊ စားနေရင်း ဖုန်းမသုံးပါနဲ့၊ စာမဖတ်ပါနဲ့။ အစားအသောက်ကိုပဲ အာရုံထားပြီး ဖြည်းဖြည်းကြေညက်အောင် ဝါးစားပါ။

သုတေသနလေ့လာမှု

ဂျပန်နိုင်ငံက သုတေသနပညာရှင်တွေက အရွယ်ရောက်ပြီးသူ သက်လတ်ပိုင်းအရွယ် ၁၀၈၃ ဦးကို ငါးနှစ်ကြာလေ့လာခဲ့ပါတယ်။

လေ့လာမှုအရ အစားမြန်မြန်စားလေ့ရှိသူတွေက ကိုယ်အလေးချိန်ပိုများလာတာ၊ သွေးတွင်းသကြားဓာတ်မြင့်နေတာ၊ ခါးနဲ့ဗိုက်အဆီပိုများတာတွေ ဖြစ်လာတာတွေ့ရပါတယ်။

မြန်မြန်စားမယ်ဆိုရင် ခန္ဓာကိုယ်က ကယ်လိုရီတွေအများကြီးစားမိတဲ့အခါ ဦးနှောက်က သတိမပြုမိဘဲ ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။ ဒီလိုစားမိတဲ့ကယ်လိုရီတွေကို ခန္ဓာကိုယ်က မသုံးပစ်နိုင်တာကြောင့် ပိုတာတွေကိုအဆီအဖြစ် သိုလှောင်ထားရှိလိုက်တဲ့အခါ သွေးကြောတွေနဲ့နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အမြန်စားခြင်းက အင်ဆူလင်လုပ်ဆောင်ချက်တွေကိုလည်း အတားအဆီးဖြစ်စေလို့ သွေးတွင်းသကြားမြင့်တက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီသုတေသနကို American Heart Association ရဲ့ သိပ္ပံကဏ္ဍမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly