သားအိမ်ထုတ်ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ်ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


သားအိမ်ထုတ်တယ်ဆိုတာ ဗိုက်အောက်ပိုင်းကနေ ခွဲစိတ်ပြီး သားအိမ်ကိုဖယ်ရှားတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ရာမှာ partial hysterectomy (သားအိမ်ကိုပဲဖယ်ရှားပြီး သားအိမ်ခေါင်းကို နဂိုအတိုင်းချန်ထားခဲ့တာ) နဲ့ total hysterectomy (သားအိမ်နဲ့ သားအိမ်ခေါင်းကို လုံးဝဖယ်ရှားလိုက်တာ) ဆိုပြီးရှိပါတယ်။

တစ်ခါတလေ total hysterectomy ခွဲစိတ်မှုမှာ သားဥအိမ်၊ သားဥပြွန် သို့မဟုတ် နှစ်ခုစလုံးကိုပါ ဖယ်ရှားရတာတွေ ပါဝင်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မိန်းမကိုယ်ကနေသားအိမ်ထုတ်ခွဲစိတ်ခြင်း(vaginal hysterectomy) အပါအဝင် တခြားနောက်ဆုံးပေါ် သားအိမ်ထုတ်ခွဲစိတ်နည်းတွေ ရှိပါသေးတယ်။ ဆိုးကျိုးအနည်းဆုံးနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။
ခွဲစိတ်ပြီးတဲ့အခါ

ခွဲစိတ်မှုပြီးတဲ့အခါ ကိုယ့်ရဲ့ဆရာဝန်၊ ဆရာမတွေက –

  •     နာကျင်မှုနဲ့ပတ်သက်တဲ့လက္ခဏာတွေ စောင့်ကြည့်ကုသပေးကြမယ်၊
  •     နာကျင်မှုသက်သာစေဖို့နဲ့ ခွဲစိတ်ဒဏ်ရာပိုးမဝင်စေဖို့ ဆေးတွေပေးမယ်၊
  •     ခွဲစိတ်မှုသက်သာလာတာနဲ့ ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် အားပေးကူညီကြပါလိမ့်မယ်။

နာလန်ထူမယ့် ကာလ

အမျိုးသမီးအများစုအတွက်တော့ ဝမ်းဗိုက်ကနေခွဲစိတ်မှုနောက်ပိုင်းမှာ ပြန်လည်နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ  –

  •     ကောင်းကောင်းအနားယူပါ။
  •     ခွဲစိတ်ပြီးနောက်ပိုင်း ၆ ပတ်အတွင်း အလေးအပင် မ မပါနဲ့။
  •     လူက လှုပ်လှုပ်ရှားရှားနေပါ သို့သော် ပထမ ၆ ပတ်အတွင်း အားစိုက်ရတဲ့၊ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။
  •     လိင်မှုကိစ္စအတွက် ၆ ပတ်ကျော်တဲ့အထိ စောင့်ပေးပါ။
  •     ပုံမှန်လုပ်နေကျအလုပ်တွေပြန်မစခင် ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ပါ။

သားအိမ်ထုတ်ပြီးပြီဆိုရင်

သားအိမ်ထုတ်ခွဲစိတ်မှုပြုလုပ်လိုက်ပြီဆိုရင် ပြောင်းလဲသွားမယ့်အရာတွေရှိပါတယ် –

  •     ရာသီမလာတော့ဘူး၊ ကိုယ်ဝန်ဆောင်လို့မရတော့ဘူးဆိုတာ သိထားပြီးသားဖြစ်မှာပါ၊
  •     ကိုယ်က သွေးမဆုံးသေးတဲ့အရွယ်ဆိုရင် သားအိမ်နဲ့အတူ သားဥအိမ်တွေကိုဖယ်ရှားလိုက်တဲ့အခါ သွေးဆုံးသွားပြီဖြစ်ပါတယ်။
  •     သွေးမဆုံးခင်မှာ သားအိမ်ထုတ်လိုက်ရပြီး သားဥအိမ်တွေကို မထုတ်ခဲ့ဘူးဆိုရင် သွေးဆုံးမယ့်ပုံမှန်အသက်အရွယ်ထက် စောပြီး သွေးဆုံးခြင်းကိုခံစားရနိုင်ပါတယ်။
  •     partial hysterectomy ခွဲစိတ်မှုကိုခံယူထားပြီး သားအိမ်ခေါင်းက နဂိုအတိုင်းကျန်ရှိနေတယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေရှိနေပါသေးတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

    သားအိမ်ထုတ်ပြီးနောက်ပိုင်းမှာ လိင်မှုကိစ္စ ပုံမှန်ပြန်ဖြစ်နိုင်ပါသေးတယ်။

သားအိမ်ထုတ်လိုက်ပြီးနောက်ပိုင်း ကိုယ့်မှာဆုံးရှုံးမှုကြီးဖြစ်သွားသလို စိတ်ဓာတ်ကျတာ၊ ပူပန်တာတွေ ဖိစီးနေဖို့မလိုပါဘူး။ ကျန်းမာအောင် နေထိုင်စားသောက်ပြီး ပုံမှန်အတိုင်းဆက်လက် နေထိုင်သွားလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly