တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကျောင်းနေအရွယ်ပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်တတ်ထားတဲ့ ပညာ၊ အရည်အချင်းတွေပေါ် မူတည်ပြီး နယ်ပယ်အမျိုးမျိုးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်စွမ်းသလောက် ကြိုးစားရင်း ကိုယ့်ဘဝအနာဂတ်ကိုလည်း အရောင်ထွက်အောင် သွေးနေရတာ လူတိုင်းနီးပါးပါပဲ။ အဲ့တော့ အလုပ်လုပ်တာကလည်း ကိုယ့်ဘဝအတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူးနော်။

အထူးသဖြင့် တစ်နေကုန် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကွန်ပျူတာရှေ့မှာ အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်ကို ပြောင်းလဲစရာမလိုဘဲ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေအဓိက စားပေးသင့်လဲ၊ ဒီလိုအချိန်အကြာကြီးထိုင်နေတဲ့အခါ ကိုယ့်ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကို သိထားမှ ဖြစ်မှာပါ။
အထိုင်များလာတဲ့ ပြဿနာ

ဒီဘက်ခေတ်မှာ လူတော်တော်များများ ရုံးကို ရောက်ပြီဆိုတာနဲ့ ထိုင်ခုံနဲ့ တင်ပါးကို ကော်နဲ့ကပ်ထားသလို မထတမ်း မခွာတမ်း အလုပ်လုပ်နေကြရတယ်နော်။ အိမ်ပြန်ရောက်တော့လည်း တစ်နေကုန် ပင်ပန်းလာတဲ့အရှိန်နဲ့ ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဖုန်းသုံးရ၊ တီဗီကြည့်ရ၊ ရုံးကပါလာတဲ့အလုပ်တွေ လုပ်ရတာနဲ့ပဲ အချိန်ကုန်ရပြန်တယ်။ အဲ့လို အထိုင်တွေများလာခြင်းရဲ့ နောက်ကွယ်မှာ ကိုယ်မသိလိုက်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက လိုက်ပါနေတာကိုတော့ သေချာသိထားဖို့ လိုပါတယ်။
အထိုင်များလာတဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

ဒီနေရာမှာ ကျန်းမာရေးနဲ့ အလှအပ ရှုထောင့် ၂မျိုးကနေ ခွဲပြီး ပြောပြပေးချင်ပါတယ်။

ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာအနေနဲ့

  • • အဝလွန်လာမယ်
  • • ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဖြစ်လာနိုင်ခြေကို မြင့်တက်စေတယ်
  • • စားလိုက်တဲ့အစားအစာကနေ အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေးလာမယ်
  • • ကိုယ်တွင်းကလီစာတွေက အဆီဖုံးလာမယ်
  • • အမြဲတမ်းထိုင်နေရတဲ့အခါ သွေးလည်ပတ်စီးဆင်းနှုန်း နှေးကွေးလာမယ်
  • • လေးလံထိုင်းမှိုင်းလာမယ်
  • • ကိုယ့်အလုပ်ကလွဲရင် တခြားပင်ပန်းလောက်မယ့် အရာမှန်သမျှ လုပ်ချင်စိတ်မရှိတော့ဘဲ ပျင်းလာမယ်
  • • အရိုးအကြောတွေက အားနည်းပြီး အရိုးပါးရောဂါဖြစ်ဖို့ ပိုလွယ်လာမယ်
  • • အမောမခံနိုင်၊ သက်လုံမကောင်းတော့တဲ့အတွက် လိင်ပိုင်းဆိုင်ရာနဲ့ အိမ်ထောင်ရေးသုခ မပြည့်စုံမှုတွေ ကြုံလာမယ်
  • • စောစီးစွာ သေဆုံးနိုင်ပါတယ်။

အလှအပရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း

  • • ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ သို့မဟုတ် တစ်နေရာတည်း ကွက်ပြီး ဗိုက်ပူလာမယ်
  • • ဝမ်းဗိုက်အဆီဖုံးပြီး ဗိုက်ရွှဲလာမယ်
  • • တင်ပါး ပြားချပ်လာမယ်
  • • ခါးကိုင်းပြီးတော့ ရှူနာရှိုက်ကုန်း ဖြစ်လာမယ်
  • • ကြွက်သားထု ရှိနေသင့်တဲ့နေရာတွေမှာ အဆီတွေနဲ့ ပြည့်ပြီး အသားက လျော့တိလျော့ရွဲဖြစ်လာမယ်
  • • ဇီဝကမ္မဖြစ်စဉ် ဖြစ်ပျက်မှုနှေးကွေးလာခြင်းကြောင့် အိုမင်းရင့်ရော်လာမှာပါ။
  • ဒီတော့ အထိုင်များတဲ့သူတွေ ကိုယ့်ကျန်းမာရေးအတွက် ဘာတွေကို ပြင်ဆင်သင့်လဲ။

ပုံမှန်ဆိုရင်တော့ အမြဲထိုင်နေရတဲ့သူတိုင်း နာရီဝက်ခြားတစ်ခါလောက် လမ်းထလျှောက်တာမျိုး လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစည်းအဝေးခန်းထဲ ရောက်နေတာ၊ အပြင်ထသွားလို့ မရအောင် အလုပ်များလွန်းနေတဲ့သူအတွက်တော့ ဒီနည်းလမ်းက အဆင်ပြေမှာ မဟုတ်တဲ့အတွက် အလုပ်ချိန်ပြင်ပမှာ ရှိတဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာတွေ ပြင်ဆင်ရမလဲဆိုရင်

  • • ဓာတ်လှေကား၊ စက်လှေကားကို မသုံးပါနဲ့။ ရိုးရိုးလှေကားနဲ့ အတက်အဆင်း လုပ်ပါ။
  • • အလုပ်မသွားခင် မနက်ပိုင်းကို လမ်းထလျှောက်ပေးပါ။
  • • ရေမချိုးခင် ဒိုက်ထိုးပါ။ ထိုင်ထလေ့ကျင့်ခန်းလုပ်ပါ။
  • • အဆီတက်စေမယ့် အစားအသောက်တွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။ နွားနို့၊ ဥ၊ ပဲ၊ အသားတွေကို လုံလောက်စွာ စားပေးပါ။
  • • ရေများများသောက်ပါ။ ကော်ဖီ၊ ဆိုဒါဓာတ်များတဲ့ အအေးတွေ၊ အရက်သေစာ တတ်နိုင်သလောက် ရှောင်ပါ။
  • • အလုပ်က ပြန်တဲ့အချိန်မှာ Gym ကစားဖို့အတွက် သီးသန့်အချိန်ပေးပါ။ နည်းပြရဲ့ ညွှန်ကြားမှုနဲ့အတူ သေချာကစားပေးပါ။
  • • လိင်မှုကိစ္စကို နေ့စဉ် ပုံမှန်လုပ်ပေးပါ။
  • • အားရက်တွေမှာ ရေကူးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ သို့မဟုတ် အကလေ့ကျင့်တာ တစ်ခုခု လုပ်ပေးပါ။
  • • ယောဂကျင့်ပါ။
  • • ခန္ဓာကိုယ်ထဲက အဆီတွေ လောင်ကျွမ်းစေဖို့၊ ချွေးပုပ်တွေ ထွက်စေဖို့ ချွေးထုတ်ခန်းကို တစ်ပတ် တစ်ကြိမ်လောက် သွားပေးပါ။

လူဆိုတာ ကျန်းမာရေးကောင်းမှ လုပ်ငန်းခွင်မှာလည်း အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်နိုင်မှာဖြစ်သလို အသက်ရှည်ရှည် ကျန်းကျန်မာမာနဲ့ နေထိုင်သွားနိုင်မှာပါ။ ဒါကြောင့် ထိုင်ရာကနေ မထနိုင်လောက်အောင် အမြဲတမ်းအလုပ်လုပ်နေရတဲ့သူတိုင်း ခုပြောပြခဲ့တဲ့ နေထိုင်မှုပုံစံတွေကို သေချာလိုက်နာပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ထပ်ပြီး အကြံပေးလိုက်တယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly