ချောင်းဆိုးရင်ကျပ် အကင်းမပြတ်တဲ့ ကလေးတွေမှာ သတိထားစရာ

ချောင်းဆိုးရင်ကျပ် အကင်းမပြတ်တဲ့ ကလေးတွေမှာ သတိထားစရာ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကိုယ့်သားသမီးလေးတွေ ချောင်းဆိုးတယ်ဆို ချောင်းဆိုးပျောက်ဆေးတိုက်မယ်၊ ရင်လူးဆေးတိုက်မယ်။ ချောင်းဆိုးသံမကြားရတော့ဖို့သာ အရင်ဆုံးကြိုးစား‌ကြမှာပါ။ ဒါပေမယ့် ဆေးကုသပြီးတာတောင်မှ မပျောက်နိုင်သော ချောင်းဆိုးဝေဒနာအတွက်တော့ ဖေဖေမေမေတို့ သတိထားမိဖို့လိုပါတယ်။ ရိုးရိုးချောင်းဆိုးတာလား၊ ပန်းနာရင်ကျပ်ဖြစ်နေတာလား ဆိုတာကို ဆရာဝန်ကပဲ သေချာစစ်ဆေးပေးနိုင်မှာမို့ ကလေးမှာဖြစ်နေတဲ့ဝေဒနာနဲ့လက္ခဏာအကြောင်းတွေ သေချာပြောပြပေးပါ။
ကလေးမှာ ဒီလက္ခဏာတွေ တွေ့ရသလား သတိထားကြည့်ပါ  –

    မကြာခဏချောင်းထဆိုးတာ(ကစားရင်း၊ ရယ်နေရင်း၊ ငိုနေရင်း သို့မဟုတ် ညအိပ်နေရင်း )

  •     ချောင်းဆိုးတာရှည်နေတာ (ကလေးတိုင်းမှာတူညီတဲ့တစ်ခုတည်းသောလက္ခဏာဖြစ်ပါတယ်)
  •     ဆော့ကစားနေစဉ်အတွင်း အားကုန်လွယ်တာ၊
  •     အသက်ရှူမြန်တာ (ရံဖန်ရံခါဖြစ်တတ်)
  •     ရင်ဘတ်ထဲ ကျပ်နေတာ၊အောင့်လာတာ (ဝေဒနာကိုပြန်ပြောပြနိုင်တဲ့အရွယ်မှ မိဘကသိနိုင်မှာပါ)
  •     အသက်ရှူသွင်း၊ရှူထုတ်တဲ့အခါ တရွှီရွှီအသံပါနေတာ၊
  •     အသက်ရှူသွင်း၊ရှူထုတ်ချိန် ရင်ဘတ်မှာ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေတာ၊
  •     အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်နေတာ(အသက်ရှူမဝသလို)
  •     အားနည်း၊ မောပန်းနေတာတွေဖြစ်နေနိုင်တယ်ဆိုတော့ ဒီလက္ခဏာတွေ ကိုယ့်ကလေးမှာရှိနေလား သတိထားပြီး ကြည့်ပါနော်။

ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။

  •     အအေးမိခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကူးစက်ခံရတဲ့အခါ
  •     ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ (ဖုန်မှုန့်၊ခွေးနဲ့ကြောင်အမွေးတွေ၊ ပန်းဝတ်မှုန် တို့လို)
  •     မောပန်းစေအောင် အရမ်းလှုပ်ရှားမိတဲ့အခါ
  •     ဆေးလိပ်ငွေ့ သို့မဟုတ်လေထုထဲက အခိုးအငွေ့နဲ့ အမှုန်အမွှားတွေရှူရှိုက်မိတဲ့အခါ
  •     အရမ်းငိုလိုက်၊ အရမ်းရယ်လိုက်တဲ့အခါ
  •     စားချဉ့်ရည်ပြန်တက်တဲ့အခါ
  •     ရာသီဥတုအပြောင်းအလဲ သို့မဟုတ် ရာသီဥတုဖောက်ပြန်ခြင်း။

ပန်းနာရင်ကျပ်ဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက်နာတာရှည်ဝေဒနာမဖြစ်ဖို့၊ အရေးပေါ်အခြေအနေဖြစ်မလာဖို့ ကြိုတင်ကာကွယ်တာရယ်၊ ရောဂါကိုထိန်းချုပ်တာရယ်ပဲ လုပ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပန်းနာရင်ကျပ်ကုသပေးတဲ့ ဦးတည်ချက်က –

  •     ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့
  •     နောက်ပိုင်းမှာရောဂါပိုဆိုးမလာစေဖို့
  •     အဆုတ်ရဲ့လုပ်ဆောင်ချက်ပုံမှန်ဖြစ်အောင်ထိန်းဖို့
  •     ခန္ဓါကိုယ်ကို ပုံမှန်လှုပ်ရှားလုပ်ဆောင်နိုင်စေဖို့
  •     ဘေးထွက်ဆိုးကျိုးတွေနည်းနိုင်သမျှနည်းအောင်လို့ တတ်နိုင်သမျှဆေးသောက်နည်းအောင်ထိန်းဖို့ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ကိုကုသရာမှာ ရောဂါထိန်းချုပ်တဲ့သောက်ဆေးတွေနဲ့ အရေးပေါ်အမြန်ကုသဖို့သုံးတဲ့ ရှူဆေး(inhaler)တွေရှိပါတယ်။ သောက်ဆေးကိုတော့ ကလေးရဲ့အသက်နဲ့ကိုယ်အလေးချိန်ကို မူတည်ပြီးဆေးပမာဏကိုဆရာဝန်တွေက ချင့်ချိန်ညွှန်းပေးကြတာဖြစ်ပါတယ်။

ကလေးက အသက်ကိုတအားရှိုက်ရှူနေရတာ၊ ရင်ညွန့်အလယ်မှာချိုင့်ဝင်တဲ့အထိ အသက်ကိုမနည်းရှူနေရတာ၊ အသက်ရှူကျပ်လာလို့ စကားမပြောနိုင်တော့တာ၊မောကျပ်ပြီးပြာလာတာလိုမျိုး အရေးပေါ်အခြေအနေလက္ခဏာတွေဖြစ်လာရင် အမြန်မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမရောက်ခင် အမြန်သက်သာအောင် ဟန့်တားနိုင်တဲ့inhaler ဟာ ဆရာဝန်တွေရဲ့ ကုသမှုဆေးညွှန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

လက္ခဏာသိပ်မပြင်းထန်ဘဲ ကြိုးကြားကြိုးကြားပဲ ပန်းနာရင်ကျပ်ထတတ်တဲ့ကလေးတွေအတွက်ဆို အမြန်သက်သာစေတဲ့ inhalerတွေနဲ့တင် လုံလောက်ပါတယ်။ ကလေးရဲ့အသက်အရွယ်နဲ့ခံနိုင်ရည်ကိုမူတည်ပြီး inhaler ပေးတဲ့နည်းလမ်းကို ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly