သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိမ်ထောင်ရှင်အမျိုးသမီးတိုင်းက မေမေဖြစ်ချင်တဲ့ ဆန္ဒရှိကြစမြဲပါ။ အိမ်ထောင်ကျတာကကြာပြီး အခုထိလည်း ကလေးမရသေးဘူး။ သားဆက်ခြားနည်းတစ်ခုခုသုံးထားတာမျိုးလည်း မရှိပါဘူးဆိုတဲ့ Hello ဆရာဝန်ရဲ့ အိမ်ထောင်ရှင်လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ အခုပြောမယ့်အချက်ထဲက ဘယ်တစ်ချက်ကများ ကိုယ်နဲ့သက်ဆိုင်နေတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်နော်။
အိမ်ထောင်ကျတာကြာပြီ ခုထိဘေဘီလေးမရသေးတာ ဒီအချက်တွေကြောင့်ပါ

အိမ်ထောင်သက်တမ်းကြာနေပြီး ဒါပေမယ့် ကလေးမရသေးဘူးဆိုရင် ဒီအချက်တွေကြောင့်ဖြစ်နေနိုင်လို့ သေချာလေးဆန်းစစ်ကြည့်စေချင်ပါတယ်။

စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုကို​ဖြစ်ပေါ်စေတဲ့ ကော်တီစောဟော်မုန်းများတာက လေဒီလေးတို့မှာ သားဥကြွေမှုအပေါ်သက်ရောက်မှုရှိစေပြီး ကလေးရရှိနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  စိတ်ဖိစီးမှုက သန္ဓေအောင်မှုအပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိနေတဲ့ အချက်တစ်ခုပါ။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတာဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ သားဥ​ကြွေမှုအပေါ်မှာ သက်ရောက်မှုများနေပြီး အဆိုပါလုပ်ငန်းစဉ်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်စေဖို့ခက်ခဲသွားစေတာက ဘေဘီလေးရရှိနိုင်ခြေကို ထိခိုက်စေရတဲ့အကြောင်းအရင်းပါ။

အချိန်ကိုက်မဖြစ်တာ

ဘေဘီလေးယူဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီအချက်ကလည်း ထည့်ပြီးစဉ်းစားသင့်တဲ့အချက်တွေထဲက တစ်ခုပေါ့။ သားဥကြွေတဲ့ရက်မှာ ဆက်ဆံတာက ကလေးရရှိနိုင်ခြေမရှိပါဘူး။ ကလေးလိုချင်တယ်ဆိုရင် အကောင်းဆုံးက သားဥမကြွေခင်ရက်မှာ လိင်ဆက်ဆံပေးရမှာပါ။ ဒါမှ သုက်ပိုးလေးက သားဥပြွန်ထဲမှာ အသင့်ရှိနေတဲ့ မမျိုးဥနဲ့ ပေါင်းမိပြီး သန္ဓေအောင်မှာပါ။ သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိရှင်သန်နေနိုင်ပေမယ့် မျိုးဥလေးကတော့ ၂၄ နာရီပဲရှိနေနိုင်တာပါ။ ဒါကြောင့် နောက်ဆုံးရာသီသွေးပေါ်ခဲ့တဲ့အချိန်ရဲ့ ပထမရက်ကနေစတွက်ပြီး ၇ ရက်ကနေ ရက် ၂၀ အတွင်းမှာ အတူနေပေးပါ။ ဒါမှ ကလေးရရှိနိုင်ခြေကို မြှင့်တင်နိုင်မှာပါ။

ချောဆီတွေအသုံးပြုတာ

လိင်ဆက်ဆံတဲ့အခါ ချောဆီတွေအသုံးပြုမှုကလည်း သုက်ပိုးတွေရဲ့ ရောက်ရှိနိုင်စွမ်းကို ၆၀ ရာခိုင်နှုန်းလောက်အထိကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးလိုချင်တယ်ဆိုရင်တော့ ဆက်ဆံတဲ့အခါ ချောဆီမသုံးဖို့ပြောပါရစေ။

အိပ်ရေးပျက်တာ

အိပ်ရေးပျက်တာက နောက်ဆက်တွဲကျန်းမာရေးပြဿနာများသလို မျိုးအောင်နိုင်စွမ်းအပေါ်မှာလည်း အများကြီးသက်ရောက်နေပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ လူက စိတ်ပူပန်လာပြီး စိုးရိမ်မှုတွေများလာပါတယ်။ ဒီအခြေအနေကပဲ မျိုးအောင်နိုင်မှုကို ထိခိုက်စေတာပါ။ ဒါကြောင့် အိမ်ထောင်ရှင်တွေအနေနဲ့  ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိဖို့ သတိရပါ။

သိုင်းရွိုက်ပြဿနာရှိတာ

သိုင်းရွိုက်က ပုံမှန်ထက် ပိုအလုပ်လုပ်နေတာက ရာသီစက်ဝန်းနဲ့ သားဥကြွေတဲ့အပေါ်တွေမှာ သက်ရောက်မှုရှိပြီး ရာသီသွေးမမှန်တာကိုဖြစ်စေနိုင်သလို သန္ဓေအောင်နိုင်မှုကို ထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ပြဿနာရှိနေလားဆိုတာကိုလည်း စစ်ဆေးဖို့လိုပါမယ်။

မိုဘိုင်းပစ္စည်းတွေက လှိုင်းတွေကြောင့်

လက်ပ်တော့တွေ၊ ဖုန်းတွေကနေထွက်လာတဲ့ လှိုင်းတွေက သုက်ပိုးအရည်အသွေးကို ထိခိုက်စေနိုင်သလို သုက်ပိုးတွေရဲ့ DNA ကိုပျက်စီးစေနိုင်ပါတယ်။ လက်ပ်တော့တွေ၊ ဖုန်းတွေကနေထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကလည်း ကလေးရရှိနိုင်မှုကို တော်တော်လေးအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်ချိန်လုံး ဖုန်းတွေ၊လက်ပ်တော့တွေသုံးမနေသင့်သလို အိပ်စက်ချိန်မှာလည်း ဒီပစ္စည်းတွေကို ခပ်ဝေးဝေးမှာထားပေးပါ။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ကိုယ်အလေးချိန်ရှိနေတာ

အမျိုးသမီးတစ်ယောက်အနေနဲ့  ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်နည်းနေမယ်၊ အဝလွန်နေမယ်ဆိုရင်လာည်း ကလေးရရှိနိုင်ခြေကနည်းနေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သင့်တင့်တဲ့ကိုယ်အလေးချိန်ရှိအောင်ထိန်းသိမ်းသင့်သလို အစားအစာတွေကိုလည်း အာဟာရမျှတအောင်စားသုံးဖို့လိုပါမယ်။

ကဲ..အိမ်ထောင်ကျတာလည်းကြာပြီ သားသားမီးမီးလေးတွေလည်း မရဘူးဆိုရင် ဒီအချက်လေးတွေများလုပ်မိနေလား ဆန်းစစ်လို့  အချိန်မီပြင်ပါ။ တကယ်လို့မှမဟုတ်ဘူးဆိုရင်တော့ သားအိမ်မှာ ပြဿနာတစ်ခုခုရှိနေလားသိရနိုင်ဖို့ သားဖွားမီယပ်ဆရာဝန်တစ်ဦးဦးနဲ့ပြသကြည့်ဖို့ပြောပါရစေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly