နိုဝင်ဘာ၅။ ။ တောင်ကိုရီးယား ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀၀ လောက်ဟာ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံကနေ ပြောင်းရွှေ့ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်မှာ အခြေချလုပ်ကိုင်ဖို့ ဆန္ဒရှိနေကြတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့ BEZA က ပြောကြားထားတယ်လို့ bdnews 24 က ဖော်ပြပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းတွေအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိမနေလို့ဆိုပြီး ယင်းကုမ္ပဏီတွေအနေနဲ့ ခုလို နေရာပြောင်းရွှေ့ချင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ဓာတ်အားနဲ့ ရေ အထောက်အပံ့ ရှားပါးမှု အပါအဝင် အခြားသော ပြဿနာတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ နောက်ပြန်ဆွဲနေမှုကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို အခြား အလှည့်အပြောင်း ရွေးချယ်စရာ နေရာအဖြစ် သတ်မှတ်ထားတယ်လို့ BEZA က နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယား ကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးဇုန်တွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်အားထက်သန်နေကြောင်း BEZA က ဖော်ပြပါတယ်။
ဒါ့အပြင် စက်ရုံလုပ်ငန်းပေါင်း ၁၀၀ လောက်ကို လက်ခံထားရှိပေးနိုင်မယ့် စက်မှုဇုံ တစ်ခု ဘင်္ဂလားဒေ့ရှ်မှာ ထူထောင်ရန် Korea Industrial Complex Co Ltd (KIC) ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/