မန်တုံတွင် ဖုန်းလိုင်းများ ပြတ်တောက်မှုကြောင့် ကိုယ်စားလှယ်များ မဲဆွယ်ရာတွင် လုံခြံုရေးအခက်အခဲကြံုနေ

မန်တုံတွင် ဖုန်းလိုင်းများ ပြတ်တောက်မှုကြောင့် ကိုယ်စားလှယ်များ မဲဆွယ်ရာတွင် လုံခြံုရေးအခက်အခဲကြံုနေ

လားရှိုး၊ အောက်တိုဘာ ၁၇။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် မဲဆွယ်စည်းရုံးရေး ဆင်းသည့် ကာလအတွင်း ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေသောကြောင့် မဲဆွယ်စည်းရုံးမည့် ကိုယ်စားလှယ်လောင်းများ လုံခြုံရေး အခက်အခဲ ကြုံတွေ့နေရကြောင်း အောက်တိုဘာ ၁၆ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်အေးက ပြောသည်။

မန်တုံမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)တို့မှ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ၁၊ ၂အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LDU)သည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ(၁) တွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မန်တုံမြို့ အမှတ်(၁)မဲဆန္ဒနုယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးထွန်းအေးက "ဆက်သွယ်ရေးတွေက ပြတ်တောက်နေတော့ ဘယ်ရွာတွေမှာ တိုက်ပွဲဖြစ်နေလဲ ဆိုတာ မသိရဘူး။ မန်ပတ်ရွာသွားတုန်းကလဲ မနက်ပိုင်းက တိုက်ပွဲဖြစ်နေတယ် ညနေပိုင်း စည်းရုံးရေး သွားလိုက်တာ ဖုန်းလိုင်းကမရတော့ အဲဒီရွာမှာတိုက်ပွဲဖြစ်မှန်းမသိဘဲ သွားခဲ့တာ ဖုန်းလိုင်းမိရင် လုံခြုံရေး အရ သွားဖြစ်မှာ မဟုတ်ဘူး" ဟု ၎င်းကပြောသည်။

မန်တုံမြို့နယ်ရှိ CDMA ဖုန်းတာဝါတိုင်သည် မန်ပတ်ကျေးရွာတွင် ထားရှိပြီး ထိုကျေးရွာတွင် အစိုးရ တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၄ရက် နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဆက်သွယ်ရေး တာဝန်ခံ ဦးစည်သူမှာ လုံခြုံရေး စိုးရိမ်သောကြောင့် မန်တုံမြို့သို့ တိမ်းရှောင်ခဲ့ပြီး ယခုအချိန်ထိ ဆက်သွယ်ရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းထား နေရခြင်းဖြစ်ကြောင်း မန်တုံဒေသခံ တစ်ဦးမှဆိုသည်။

မန်တုံမြို့နယ်တွင် ကျေးရွာပေါင်း ၁၅၈ရွာရှိသော်လည်းဒေသတွင်းလုံခြုံမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဖုန်းလိုင်းများပြတ်တောက်ခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် မန်တုံမြို့နယ်ရှိ ကျေးရွာပေါင်း ၂ဝကျော်ကိုသာ မဲဆွယ်စည်းရုံးရေး ဆင်းဖြစ်သည်ဟု ဦးထွန်းအေးက ပြောသည်။

ဆက်လက်ပြီး ဦးထွန်းအေးက "ကျနော်တို့ဒီဒေသမှာ လုံခြုံရေးကလဲ စိတ်မချရသလို ဖုန်းလိုင်းတွေကလဲ မကြာခဏ ပြတ်တောက်နေတော့ တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ တချို့သူတွေရဲ့ သားသမီးတွေက အဝေးမှာ ကျောင်းတက်နေရတော့ ဖုန်းလိုင်းကလည်း အဆက်အသွယ်မရတော့ တော်တော်လေးစိတ်ဆင်းရဲနေကြတယ်။ နေ့တိုင်းတော့ တိုက်ပွဲဖြစ်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် ဖုန်းလိုင်းမရတော့ ဘယ်နေရာမှာ ဖြစ်လဲဆိုတာကိုတော့ အတိအကျမသိဘူး" ဟု ၎င်းကပြောသည်။

မန်တုံမြို့နယ်တွင် စက်တင်ဘာလတွင် အစိုးရတပ်မတော်နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သောကြောင့် စက်တင်ဘာလမှစ၍ GSM ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး အောက်တိုဘာလဆန်းပိုင်း တွင် CDMA ဖုန်းလိုင်းများလည်းထပ်မံပြတ်တောက်ခဲ့ပြီးယခုချိန်(အောက်တိုဘာ ၁၆)ရက်ထိဖုန်းလိုင်းများဆက် လက်ပြတ်တောက်နေသည့်အတွက် ဒေသခံများသည် အခက်အခဲကြုံတွေ့နေရသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly