မြိတ်၊ အောက်တိုဘာ (၁၅)။ ။ မြိတ်မြို့၊ကမ်းနားလမ်းတစ်လျှောက်ရှိ လူသွားစင်္ကြံန်ပလက်ဖောင်းပေါ်မှ အမှိုက်ပုံးများကို ယခုနှစ်ကုန် ပိုင်းတွင် ပြန်သိမ်းမည်ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှ သိရသည်။
မြိတ်ကမ်းနားလမ်းရှိလူသွားစင်္ကြံန်ပလက်ဖောင်းပေါ်မှ အမှိုက်ပုံးများကို ရပ်ကွက်နေ ပြည်သူတချို့မှ စည်းကမ်းမဲ့အမှိုက်များလာရောက် စွန့်ပစ်နေခြင်းကြောင့် ယင်းသို့ ပြန်လည်သိမ်းဆည်းခြင်းဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနှစ်ကုန် ၂၀၂၀ ခုနှစ်နှစ်ဆန်းပိုင်းမှ စ၍ကမ်းနားလမ်း တစ်လျှောက်မှာ အမှိုက်ပုံးတွေ လုံးဝ မထားတော့ပါဘူး။ လူနေအိမ်နဲ့နီးတဲ့နေရာမှာ ပြန်ပြီးတော့ စနစ်တကျပြန်လည်ချထားဖို့ပြင်ဆင် နေပါတယ်”ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
မြိတ်ဒေသသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်နေချိန်တွင် မြိတ်ကမ်းနားလမ်းတစ် လျှောက်ရှိ နေအိမ်များမှ အမှိုက်ထုပ်ကြီးများကိုလာရောက် စွန့်ပစ်နေခြင်းကြောင့် မြို့၏သန့်ရှင်း သာယာလှပရေးအပေါ် အကျည်းတန်အရုပ်ဆိုးစေသဖြင့် ယင်းအမှိုက်ပုံးများကို နေရာပြောင်းရွေ့ ချထားရန်စီစဉ်ခြင်း ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် လက်ရှိချထားသည့် လူသွားစင်္ကြံန်ပလက်ဖောင်းပေါ်မှ အမှိုက်ပုံးများမှာခရီးသွား ဧည့်သည် များနှင့် လမ်းသွားလမ်းလာ ပြည်သူများ အမှိုက်စွန့်ပစ်ရန် ချထားခြင်းသာဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“အခုက မြို့အတွက် ရုပ်ဆိုးပါတယ်။ လမ်းသွားလမ်းလာ ပြည်သူတွေအတွက်အမြင်မတော်ဘူး။ ဒါကြောင့် အခုလို အမှိုက်တွေကို ထပ်မံလာရောက် စွန့်ပစ်လို့မရအောင် လူနေအိမ်နဲ့ နီးတဲ့ နေရာများမှာ စည်းကမ်းရှိ စနစ်တကျပစ်လို့ ရတဲ့အမှိုက်ပုံးတွေကို အသုံးပြုသွားဖို့ရှိတယ်”ဟု ဦးမြတ်ကိုကိုက ဆက်ပြောသည်။
၂၀၁၉- ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးဘတ်ဂျက်ငွေ (၄) ဘီလီယံကျော်ကို မြိတ်မြို့နယ်အတွက် အသုံးပြုခွင့်ရထားပြီး၊ ကမ်းနားလမ်းတစ်လျှောက်ကိုပါ ပြုပြင်သွားရန် ရှိကြောင်း သိရ သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/