ရခိုင်ဒေသခံများ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးရေး၊ ဘာသာရေးကိစ္စ အများဆုံး မေးခွန်းထုတ်

ရခိုင်ဒေသခံများ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးရေး၊ ဘာသာရေးကိစ္စ အများဆုံး မေးခွန်းထုတ်

တောင်ကုတ်၊ အောက်တိုဘာ ၁၆။ ။ လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ၁၃နှစ်အတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၆ရက်တွင် စတင်လိုက်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့လေဆိပ်မှ မိုင် ၄၀ကျော်ဝေးသော တောင်ကုတ်မြို့တွင် ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲဖြင့် စတင်လိုက်ခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲတွင် ဒေသခံများက လူမျိုးရေး၊ ဘာသာရေးကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်အား အများဆုံးမေးခွန်းထုတ်ခဲ့ကြသည်။

ရခိုင်ဒေသခံ စုစုပေါင်း ၇ဦးမေးမြန်းသည့် မေးခွန်း ၇ခုအနက် မေးခွန်းလေးခုမှာ လူမျိုးရေး၊ ဘာသာရေးနှင့် တိုက်ရိုက်ဆက်စပ်သည့် မေးခွန်းများဖြစ်သည်။ ထိုမေးခွန်းများမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီ သည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ပါက ရခိုင်တိုင်းရင်းသားတို့လက်မခံသည့် ဘင်္ဂလီများကြီးစိုးသွားမည်လော၊ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားမည်လော ဟူသည့် မေးခွန်းများပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ အဆိုပါ ကိစ္စများမှာ အဖွဲ့အစည်းတစ်ခုက သူမနှင့် သူမဦးဆောင်သည့်ပါတီကို စနစ်တကျ ဝါဒဖြန့်ချီကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံတို့၏ အမေးကို ပြန်ဖြေခဲ့သည်။

“ဒါဟာ အဖွဲ့တစ်ခုကနေပြီးတော့ တစ်နိုင်ငံလုံးမှာ စနစ်တကျ ဝါဒဖြန့်ချီရေးလုပ်နေတယ်လို့ ကျွန်မဒီလိုပဲ မြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီဟာတွေ လွှမ်းမိုးသွားမယ်၊ ဟိုဟာတွေ လွှမ်းမိုးသွားမယ်ဆိုပြီးတော့ ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ ပြည်သူတွေရဲ့ ကြောက်စိတ်တွေကို ဆွပြီးတော့၊ ပြည်သူတွေရဲ့ မုန်းတီးစိတ်တွေကို ဆွပြီးတော့ စည်းရုံးနေတယ်ဆိုတာ ကျွန်မမြင်ရပါတယ်။ အဲ့ဒီဟာက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုံးဝစဉ်းစားမှုမရှိတာလို့ ကျွန်မမြင်ပါတယ်” ဟုလည်း သူမက ပြောသည်။

အဆိုပါ ဘာသာရေး၊ လူမျိုးရေးအရ ထိုးနှက်မှုများသည် လက်ရှိ ကျင့်သုံးနေသော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း အစိုးရက လျစ်လျူရှုထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သေးသည်။

ထို့ပြင် ဒေသခံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာမေးခွန်းများကို ခြုံငုံပြီး “ပြည်သူတွေမေးတဲ့မေးခွန်းတွေကို မှတ်ချက်တစ်ခုချချင်ပါတယ်” ဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေ အကျိုးအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့အုပ်စုနိုင်ဖို့အတွက်ကို မသမာတဲ့နည်းနဲ့ စည်းရုံးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်တွေကို ယုံကြည်ပြီးသာ ထောက်ခံလိုက်မယ်ဆိုရင်တော့ ကျွန်မတို့နိုင်ငံဟာ ဒုက္ခအကြီးကြီးရောက်နိုင်တယ်လို့ ကျွန်မသတိပေးပါရစေ” ဟု မှတ်ချက်စကား ဆိုသည်။

တောင်ကုတ်မြို့ရှိ ကိုင်းရှည်ရပ်ကွက်ဘောလုံးကွင်းအတွင်းပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲစည်းရုံးရေးဟောပြောပွဲသို့ ဒေသခံ ရှစ်ထောင်ခန့်တက်ရောက်ခဲ့ပြီး မဇ္ဈိမက မေးမြန်းခဲ့သည့် ဒေသခံ ၅ဦးအနက် ၃ဦးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မြင်တွေ့ဖူးခြင်းမရှိဟု ဆိုကြသည်။

“NLDက ဒီဘက်နှစ်တွေမှာ လူမျိုးရေးကိစ္စနဲ့ နည်းနည်းလေး ကသိကအောက်ဖြစ်သွားလို့၊ မဟုတ်ရင် ဒီနေ့ပွဲက အခုထက် လူများနိုင်တယ်” ဟု တောင်ကုတ်မြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အပြင်တွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဟု ဆိုသည့် တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာနေ အသက် ၃၈နှစ်အရွယ် ဦးဇေယျာမင်းလှိုင်ကလည်း “နားထောင်ကြည့်လိုက်တော့ တော်တော်လေး မျှော်လင့်ချက် ထားစရာရှိပါတယ်။ အခုအစိုးရ မကောင်းလို့ပေါ့ဗျာ။ မဟုတ်ရင် (ဒေါ်)အောင်ဆန်းစုကြည်မှ မဟုတ်ဘူး။ ဘယ်ပါတီပဲဖြစ်ဖြစ် လှည့်ကြည့်စရာ မလိုဘူးလေ” ဟု ဟောပြောပွဲအပြီး မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၇ရက်တွင် သံတွဲမြို့ရှိ ဒိုးတောင်ရပ်ကွက်တွင် ဆက်လက်ဟောပြောမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ရက်တွင်မူ သံတွဲမြို့နှင့် မိုင် ၈၀ကျော်ဝေးသော ဂွမြို့တွင် ဆက်လက် ဟောပြောမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required