အောက်တိုဘာ ၇။ ။ ကြွက်သား အားနည်းမှုကို ဖြစ်စေသည့် အာရုံကြော ရောဂါ တစ်မျိုး ခံစားနေရဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ ကာလတွေအတွင်း တစ်ချို့သော ပွဲအခမ်းအနားတွေ၊ တွေ့ဆုံပွဲတွေမှာ တက်ရောက်လာခြင်း မရှိခဲ့တာကြောင့် ၎င်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်ထားစေခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ဖိလစ်ပိုင် သမ္မတဟာ ရုရှားနိုင်ငံမှာ ရောက်ရှိနေစဉ် ဖိလစ်ပိုင် အသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှု တစ်ခုအတွင်း ၎င်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
“ ကျွန်တော့် မျက်လုံးတစ်ဖက်ကို ကြည့်ပါ၊ နည်းနည်းလေး ကျဉ်းနေပါတယ်၊ ဒါက ကြွက်သား ပျော့ခွေတဲ့ အာရုံကြော ရောဂါတစ်မျိုးပေါ့၊ အာရုံကြော ပြဿနာပါ၊ ဒါမျိုး ကျွန်တော့် အဖိုးလည်း ဖြစ်ခဲ့ဖူးပါတယ်” လို့ ဒူတာတေးက ပြောသွားခဲ့ပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးကတော့ ယင်းနိုင်ငံမှာ အသက်အကြီးဆုံး ရွေးကောက်ခံ သမ္မတတစ်ဦးလည်း ဖြစ်ပြီး ၂၀၁၆ အာဏာရပြီးနောက်ပိုင်း ၎င်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ကောလာဟလတွေလည်း ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/