ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်ဟောပြောပွဲ ရဲတပ်ဖွဲ့ဝင်များ လက်နက် အပြည့်ဖြင့် လုံခြံုရေးယူပေးမည်

ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်ဟောပြောပွဲ ရဲတပ်ဖွဲ့ဝင်များ လက်နက် အပြည့်ဖြင့် လုံခြံုရေးယူပေးမည်

ရခိုင်ပြည်နယ် ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ဟောပြောပွဲပြုလုပ်မည့် တောင်ကုတ်မြို့ လူထုေ ဟာပြောပွဲတွင် ရဲတပ်ဖွဲ့ဝင် ၆၁ဦးက အရပ်ဝတ်များဝတ်ဆင်ကာ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူမည်ဟု တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ  မြို့နယ်မှူးဖြစ်သူ ဦးတင်အောင်စိုးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၆၁ဦးသည် တောင်ကုတ်မြို့နယ်ရဲစခန်းမှ ၅၂ဦးနှင့် မြို့နယ်လက်အောက်ရှိ အခြားရဲစခန်းသုံးခုမှ ရဲတပ်ဖွဲ့ဝင် သုံးဦးစီ လုံခြုံရေးယူကြမည်ဖြစ်သည်။

“ယူနီဖောင်းနဲ့ဆိုရင် သူတို့ကို နှိပ်ကွပ်တယ်၊ အနှောက်အယှက်ပေးတဲ့ သဘောမျိုးဖြစ်မှာစိုးလို့လေ၊ အဲ့ဒါကြောင့် အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးဖို့ စီစဉ်ထားတယ်” ဟု ဦးတင်အောင်စိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ လေယာဉ်ဖြင့် အောက်တိုဘာ ၁၆ရက်၊ မွန်းလွှဲပိုင်းတွင် ရောက်ရှိလာမည်ဖြစ်ပြီး သံတွဲမြို့နှင့် ၄၆မိုင်ခန့်ဝေးသော တောင်ကုတ်မြို့သို့ သွားရောက်ပြီး လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

ဟောပြောပွဲပြုလုပ်မည့် တောင်ကုတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် လုံခြုံရေးယူမည့်အပြင် သံတွဲမြို့မှ တောင်ကုတ်မြို့သို့ ကားဖြင့်လာမည့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းကြောင်းတစ်လျှောက်တွင် NLDပါတီဝင် ၂၀၀ဦးခန့်က လုံခြုံရေးယူရန် စီစဉ်ထားသည်ဟု တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဌ ဦးထွန်းကြည်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် တောင်ကုတ်မြို့ ဟောပြောပွဲတွင်လည်း ပါတီဝင် ၂၀ဦးခန့်က ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် လုံခြုံရေးယူရန် စီစဉ်ထားသည်။

“ရဲတပ်ဖွဲ့ရော၊ မီးသတ်ပါ လုံခြုံရေးယူပေးမယ်ပြောတယ်။ သူတို့ကတော့ အပြင်စည်းပေါ့၊ ဦးတို့ဘက်ကတော့ အတွင်းစည်း” ဟု ဦးထွန်းကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကုတ်မြို့သို့ ရောက်ရှိပြီးနောက် တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ခေတ္တဝင်ရောက်ပြီးနောက်  မြို့နယ်သံဃမဟာနယကအဖွဲ့ထံ သွားရောက် ဖူးမြော်မည်ဖြစ်သည်။ ယင်းနောက် မြို့နယ်လူထုအကျိုးဆောင်ကော်မတီနှင့်တွေ့ဆုံပြီး ညနေပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ရပ်ကွက် ဘောလုံးကွင်းတွင် လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

“အေးအေးဆေးဆေးပါပဲ၊ ဘာမှဖြစ်စရာအကြောင်းတော့ မရှိပါဘူး။ ဟောပြောပွဲအတွက်လည်း သံတွဲမြို့ခံတွေကပဲ ဦးဆောင်ပြီး စီစဉ်တာ” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် သံတွဲမြို့တွင် ပြန်လည်တည်းခိုမည်ဖြစ်ပြီး နောက်တစ်ရက်တွင် သံတွဲမြို့ရှိ ဒိုးတောင်ရပ်ကွက်တွင် လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။ ၄၆မိုင်ခန့်ဝေးသော သံတွဲ - တောင်ကုတ်လမ်းပိုင်းသည် ကတ္တရာလမ်းဖြစ်သော်လည်း ကတ္တရာများမှာ ပေါက်ပြဲနေခြင်း၊ လမ်းပိုင်းမှာ အချိုးအကွေ့များစွာရှိနေသည်ကို တွေ့ရှိရသည်။

တောင်ကုတ်မြို့နယ်တွင် အင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့အပြင် စုစုပေါင်း နိုင်ငံရေးပါတီ(၆)ခုက ရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်သည်။

ယခု သတင်းပေးပို့နေသည့် အောက်တိုဘာ ၁၅ရက်၊ ည ၈နာရီ နီးပါးအထိ တောင်ကုတ်မြို့ပေါ်တွင် လုံခြုံးရေးပိုင်းနှင့် ဒေသအခြေအနေမှာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required