ရန်ကုန်၊ စက်တင်ဘာ ၁၇ ။ ။ မြန်မာနိုင်ငံရှိ ကျန်ရှိသော ဘင်္ဂါလီများ( မူရင်း ရိုဟင်ဂျာဖော်ပြ)သည် ဖိနှိပ်မှုများ ခံနေရကြောင်း ပါဝင်သော အစီရင်ခံစာတစ်စောင်ကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ တင်ပြမည် ဖြစ်သည်။
စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်( FFM) ၏ အစီရင်ခံစာသစ်ကို စက်တင်ဘာ ၁၇ ရက်တွင် တင်ပြမည် ဖြစ်ပြီး ယင်းမစ်ရှင်ကို လူ့အခွင့်အရေး ကောင်စီမှ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်အဖွဲ့မှ ရဲစခန်းများ တိုက်ခိုက်ခံရအပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီ ၇ သိန်းခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပြီးနောက် မြန်မာနိုင်ငံထဲတွင် ကျန်ရှိခဲ့သော ဘင်္ဂါလီ ၆ သိန်း ခန့်ဝန်းကျင်သည် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အန္တရာယ် ရှိနေသေးကြောင်း ၎င်းအဖွဲ့က ဆိုလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ အဆိုပါ Genocide လုပ်ရပ်များကို တားဆီးရန် ပျက်ကွက်နေသည်ဟုလည်း အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ မာဇူကီးဒါရူစမန်းက ဆိုသည်။
ထိုသို့ ပျက်ကွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄၇ နိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုထားသည့် ၁၉၄၈ United Nations Convention on the Prevention and Punishment of the Crime of Genocide အရ မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာတရားမျှတမှုတရားရုံး( ICJ) တွင် တရားစွဲနိုင်သည် ဟုလည်း ပါရှိသည်။
အဆိုပါ အစီရင်ခံစာတွင် ရခိုင်၊ ကချင်၊ ရှမ်း ၊ ကရင်ပြည်နယ်ရှိ ဒေသများတွင် နှစ် နှစ်အတွင်း လူ ၁၃၀၀ ကျော်ကို လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး မေးမြန်းမှတ်တမ်းတင်ထားသည်ဟု ပါရှိသည်။
ယမန်နှစ်က ထုတ်ပြန်ခဲ့သော တပ်မတော်ထိပ်တန်းအရာရှိကြီး ၆ ဦးအပြင် ကျူးလွန်သူဟု သံသယရှိသော လူအမည် ၁၀၀ ကျော် စာရှင်းကို အဆိုပါမစ်ရှင်မှ ထိန်းသိမ်းထားသည်။ ကျူးလွန်သူများကို နိုင်ငံတွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ တရားရုံးများအထိ တရားစီရင်နိုင်ရေး စုံစမ်းစစ်ဆေးသွားမည်ဟု ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး( ICC) သို့ လွှဲအပ်ရန်၊ သို့မဟုတ် ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါတို့အတွက် ဖွဲ့စည်းခဲ့သည့် လက်တန်းရာဇဝတ်ခုံရုံးတစ်ခုတို့ တည်ဆောက်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံဘက်ကမူ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) မရှိကြောင်း ငြင်းဆိုထားပြီး အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့မှ ယမန်နှစ်ကတည်းက ICC တင်ရန် တိုက်တွန်းခဲ့ပြီး မြန်မာအစိုးရဘက်မှ ပယ်ချထားသည်။