အမျိုးသားများနှင့် အတွင်းခံဘောင်းဘီဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အမျိုးသားများနှင့် အတွင်းခံဘောင်းဘီဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူကြီးတွေက ငယ်ငယ်ကတည်းက သေချာအကျင့်လုပ်ပေးထားလို့ အတွင်းခံဘောင်းဘီက ဝတ်လိုက်တာပဲ၊ တချို့နယ်ဘက်မှာ နေတဲ့သူတွေကျတော့လည်း အတွင်းခံဝတ်တဲ့ အလေ့အထမရှိလေတော့ မဝတ်တာမှ လေဝင်လေထွက်ကောင်းတယ်၊ လိင်တံပိုကြီးစေတယ် ဘာညာ ပြောတတ်ကြတာ ကြားဖူးမှာပါ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများနေကြတဲ့ အတွင်းခံဘောင်းဘီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
အတွင်းခံဘောင်းဘီ မဝတ်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

၁။ လိင်တံနဲ့ ဝှေးစေ့ကို ထိန်းကူပြီး မထားခြင်း မရှိတဲ့အခါ အူကျဖို့ ပိုလွယ်ကူတယ်။

၂။ ပြင်ပက အရာဝတ္ထုတွေနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါကို ဒဏ်ရာပိုဖြစ်စေနိုင်တယ်။

၃။ ဂျင်းဘောင်းဘီလို အသားတွေ ဝတ်တဲ့အခါ အတွင်းခံဘောင်းဘီမပါတာကြောင့် လိင်အင်္ဂါက ဂျင်းသားနဲ့ ပွတ်တိုက်ဖန်များပြီး အသားခြောက်တာ၊ အသားဖတ်ကွာတာ၊ ပွန်းပဲ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

၄။ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိဖို့ ပိုလွယ်ကူတယ်။

၅။ လိင်အင်္ဂါသည် ကိုယ်ခန္ဓာရဲ့ ချွေးအထွက်ဆုံးနေရာဖြစ်တဲ့အတွက် ဒီနေရာနဲ့ အမြဲထိကပ်နေရတဲ့ ဘောင်းဘီက အချိန််တိုအတွင်းမှာ အနံ့အသက်တွေ ထွက်လာနိုင်ပါတယ်။

၆။ ကိုယ်က အပြင်ရောက်နေတဲ့အချိန် ဘာမှမတွေးဘဲ လိင်တံက ရုတ်တရက်ထောင်မတ်လာတဲ့ အခြေအနေမျိုးကို ယောက်ျားလေးတော်တော်များများ ကြုံဖူးကြမှာပါ။ ဒီလိုအချိန် အတွင်းခံဝတ်မထားတဲ့အခါ အရှေ့ကို ငေါက်စိုက်ထောင်ထွက်နေပြီး တခြားသူတွေရှေ့မှာ အမြင်မတင့်တယ်စရာ ဖြစ်လာနိုင်ပါတယ်။

၇။ ဘောင်းဘီဇစ်တပ်ဖို့ မေ့တတ်တဲ့ အမျိုးသားတွေဆိုရင်လည်း မိမွေးတိုင်း ဖမွေးတိုင်း ကိုယ့်ရဲ့ငယ်ပါကို သွားလိုက်တဲ့နေရာတိုင်းကလူတွေကို သီးသန့်လိုက်ပြနေသလို ဖြစ်တတ်ပါတယ်။

၈။ လိင်အင်္ဂါတစ်ဝိုက်ဟာ အေးမြနေတဲ့အတွက် သုက်ပိုးတွေကို ပိုမိုအားကောင်းကျန်းမာစေပြီး လျင်မြန်စွာ မျိုးပွားခြင်းကို ဖြစ်စေတယ်။

၉။ လိင်အင်္ဂါရဲ့ ချွေးပေါက်တွေကနေ လေဝင်လေထွက်ကောင်းတာကြောင့် အနံ့အသက်ဆိုး ထွက်တာနည်းစေတယ်။
အတွင်းခံဘောင်းဘီ ဝတ်လို့ ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ

၁။ ကိုယ့်ရဲ့ ငယ်ပါနဲ့ တင်ပါးကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်စေတယ်။

၂။ ပြင်ပအရာဝတ္ထုတွေနဲ့ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါအတွက် ပြင်းထန်တဲ့ ဒဏ်မဖြစ်စေဖို့ အနည်းငယ်ကာကွယ်ပေးနိုင်တယ်။

၃။ လိင်အင်္ဂါ၊ ကပ္ပါယ်အိတ်နဲ့ ပေါင်ခြံက ချွေးတွေကို စုပ်ပေးပြီး ကိုယ့်အဝတ်အစားတွေမှာ ဘက်တီးရီးယားနဲ့ အနံ့အသက်တွေ စွဲကျန်ခဲ့ခြင်း မဖြစ်စေဖို့ ကူညီပေးတယ်။

၄။ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိတဲ့ ဒုက္ခကနေ ဝေးသွားမယ်။

၅။ အမျိုးသားတော်တော်များများက ညစ်ပတ်တဲ့ စရိုက်ရှိတဲ့အတွက် အတွင်းခံတွေကို မလျှော်ဖွပ်ဘဲ  ပစ်ထားတာ၊ ထပ်ခါတလဲလဲ ပြန်ဝတ်တဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုအောင်းနေပြီး ဝဲခြောက်၊ ယားနာ၊ ပွေး၊ ညှင်းခူပေါက်တာ၊ အရေပြားမှိုစွဲတာတွေ ဖြစ်ဖို့ ပိုများပါတယ်။

၆။ အရမ်းကျပ်လွန်းတဲ့ အတွင်းခံတွေဟာ လိင်အင်္ဂါကို တင်းကျပ်စေပြီး နေရထိုင်ရခက်စေတယ်။
ဒါဆိုရင် သင်ဘာကို ရွေးမလဲ။

အပေါ်မှာတော့ အတွင်းခံဘောင်းဘီ ဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ပြောပြခဲ့ပြီးပြီ ဖြစ်တာမို့ ဝတ်တာ၊ မဝတ်တာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ထပ်ပြီး အကြံပေးလို့ရတာတွေကတော့

၁။ အိမ်မှာနေရင် ပုဆိုးပဲဝတ်ပါ။ အတွင်းခံမဝတ်ပါနဲ့။ လေဝင်လေထွက်ကောင်းစေသလို ညီလေးအတွက်လည်း အေးမြစေကာ လွတ်လွတ်လပ်လပ် ဖြစ်သွားစေပါတယ်။

၂။ အပြင်သွားတဲ့အခါ ကိုယ်နဲ့လိုုက်ဖက်မယ့် အတွင်းခံကို ရွေးဝတ်ပါ။ အရမ်းမကျပ်စေပါနဲ့။ အရမ်းချောင်နေရင်လည်း ဘာမှမထူးပါဘူး။

၃။ အားကစား၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ သက်တောင့်သက်သာ လှုပ်ရှားရလွယ်ကူစေမယ့် အတွင်းခံတွေကို ရွေးဝတ်ပါ။ thongs တွေလို ကြိုးတစ်ချောင်းထဲ တင်ပါးပေါ်အတွင်းခံတွေတော့ မဝတ်သင့်ပါဘူး။

၄။ အတွင်းခံကို မှန်မှန်လျှော်ပါ။ အပြင်က ပြန်လာတာနဲ့ ဝတ်ထားတဲ့အတွင်းခံကို ချွတ်ပစ်လိုက်ပါ။ ဝတ်ပြီးသားအတွင်းခံကို နှစ်ခါပြန်မဝတ်ပါနဲ့။

၅။ အတွင်းခံကို ၆လတစ်ကြိိမ် အဟောင်းတွေလွှင့်ပစ်ပြီး အသစ်လဲလှယ်ပေးပါ။

၆။ အတွင်းခံလျှော်တဲ့အခါ သိပ်မပြင်းတဲ့ အဝတ်လျှော်ဆပ်ပြာအပျော့စားတွေကိုပဲ သုံးပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly