ရန်ကုန်၊ သြဂုတ် ၂၈ ။ ။ သြဂုတ် ၁၅ ရက်နောက်ပိုင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့အကြား တိုက်ပွဲများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၄၀ နီးပါးခန့်အထိ ရှိလာကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HTS-NSS) ၏ အချက်အလက်များအရ သိရသည်။
“အခု အခြေအနေအရ ကြည့်မယ်ဆိုလို့ရှိရင် တစ်ရက်ကို ပျဉ်းမျှ နှစ်ယောက်လောက် အထိ ရှိနေပြီလို့တောင် ပြောလို့ရပါပြီ။ သေဆုံးတာ ၁၁ ယောက် လောက် ရှိပြီ။ ဒဏ်ရာရတာက ၂၅ ယောက်လောက် ရှိနေပြီပေါ့လေ။ ကျွန်တော်တို့ လက်လှမ်းမီသလောက်ဆိုရင်” ဟု HTS-NSS ၏ပြောခွင့်ရ ဦးဟောင်းဒေါင်းက မဇ္စျိမသို့ သြဂုတ် ၂၈ ရက်တွင် ပြောသည်။
ပြင်ဦးလွင်၊ နောင်ချို နေရာ ငါးနေရာ တိုက်ခိုက်မှုအပြီး သြဂုတ် ၁၅ ရက်မှ စတင်ကာ ထိခိုက်ဒဏ်ရာရစာရင်းကို HTS-NSS မှ ပြုစုထားခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်အတွင်း အရပ်သားထိခိုက်မှုအခြေအနေလည်း ဖြစ်သည်။
တိုက်ပွဲ စတင်ဖြစ်ပွားပြီး တစ်ပတ်အတွင်း ရှမ်း/မြောက်၌ စစ်ဘေးရှောင် ၆၀၀၀ ကျော်ခန့် ရှိခဲ့သော်လည်း အချို့မှာ နေရပ်ပြန်ကြပြီဖြစ်၍ သြဂုတ် ၂၈ ရက်စာရင်းတွင် လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ဦးဟောင်းဒေါင်းက ဆိုသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (TNLA၊ AA၊ MNDAA) တို့အကြား တိုက်ပွဲ အကြီး၊ အငယ် ၅၀ ခန့်အထိ ဖြစ်ပွားခဲ့ပြီး နေ့စဉ်လိုလို ထိတွေ့မှုများ ရှိနေကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“မနက်ကလည်း နမ့်ပေါင်ဘက်အခြမ်းမှာ ဖြစ်တယ်လို့သိရတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် စစ်ဘေးရှောင်များ ထပ်တိုးလာနိုင်ပြီး တိုက်ပွဲကြောင့် ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိသည့် အရပ်သားဦးရေလည်း တိုးလာနိုင်သေးသည်ဟု လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (HTS-NSS) ပြောခွင့်ရ ဦးဟောင်းဒေါင်းက သုံးသပ်သည်။
“အရပ်သားကို မထိခိုက်ဖို့ပေါ့နော်။ စစ်ပွဲတွေရပ်တန့်ဖို့ရယ် နောက်ပြီးတော့ အရပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမဖြစ်ကြဖို့ ပြောလည်းပြောနေတယ်။ ဆက်ပြီးမှလည်း အဲ့ဒါ အဓိကပြောချင်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့ကလည်း တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှမ်းက ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ရပ်တန့်ပေးရန် မြောက်ပိုင်းသုံးဖွဲ့ကို တိုက်တွန်းခဲ့သေးသည်။
“၀” UWSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် အစိုးရနှင့် အပစ်ရပ်လက်မှတ် NCA ရေးထိုးထားခြင်းမရှိ ဘဲ လက်ရှိတွင် AA နှင့်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။